နေပြည်တော် ၁၇ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြေပြင်သို့ကျရောက်လာသည့် လင်းယုန်ငှက် (၁)ကောင်ကို ဒေသခံတစ်ဦးက မြို့နယ်သစ်တောဦးစီးဌာနသို့ လာရောက်အပ်နှံသဖြင့် တာဝန်ရှိသူများက လင်းယုန်ငှက် လာရောက်အပ်နှံသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်ငါးသောင်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာန ဝန်ထမ်းများသည် လာရောက်အပ်နှံသည့် လင်းယုန်ငှက်ကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့်ပြသ၍ ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးပြီး လိုအပ်သည့် အစာရေစာ ကျွေးမွေးပြုစုထားကာ အင်အားပြည့်ဖြိုးလာသည့်အချိန်တွင် မူလပျံသန်းလမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းနိုင်ရေး လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်းယုန်မျိုးစိတ်မှာ Eastern Imperial Eagle (Aquila heliacal) ဖြစ်ပြီး ဥရောပ အရှေ့တောင်ပိုင်းဒေသ၊ အနောက်အာရှနှင့် အလယ်အာရှဒေသများတွင် အဓိက သားပေါက်ကာ ရွှေ့ပြောင်းပျံသန်းငှက်မျိုးစိတ် (Migratory Bird) ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကောင်ရေကျဆင်းလျက်ရှိကာ IUCN သတ်မှတ်ချက်အရ မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (Vulnerable-VU) ဖြစ်ကြောင်း၊ ဆောင်းရာသီတွင် အာဖရိကအရှေ့မြောက်ပိုင်းဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့အာရှနှင့် တောင်အာရှဒေသများသို့ ရွှေ့ပြောင်းပျံသန်း၍ ဆောင်းခိုလေ့ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်မှုနည်းပါးကာ တစ်ခါတစ်ရံမှသာ တွေ့ရှိရသည့် မျိုးစိတ်တစ်မျိုးဖြစ်ကြောင်း ကျွမ်းကျင်သူများထံမှ သိရသည်။

လင်းယုန်၊ ဟိမဝန္တာလင်းတ စသည့် အရွယ်ကြီးသည့် ဆောင်းခိုငှက်များသည် အချိန်ကာလကြာမြင့်စွာ ပျံသန်းလာရာတွင် အစာပြတ်လပ်ခြင်း သို့မဟုတ် အတောင်ညောင်းခြင်းကြောင့် မြေပြင်သို့ ကျရောက်လေ့ရှိပြီး အစာရေစာကောင်းမွန်စွာ စားသောက်ပြီး အားအင်ပြည့်ဖြိုးလာသည့် အချိန်တွင် မူလပျံသန်းမည့် လမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းလေ့ရှိသည်။

ယင်းငှက်မျိုးများ မြေပြင်သို့ ကျရောက်လာရာတွင် ဒေသခံများက ဖမ်းယူခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ၎င်းဆောင်းခိုငှက်များကို အစာရေစာကျွေးမွေးစောင့်ရှောက်ပြီး အားအင်ပြည့်ဖြိုးသည့်အချိန်၌ မူလပျံသန်းမည့် လမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းနိုင်ရေး လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများသို့ သတင်းပေးပို့သွားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်