လေးမျက်နှာ ၁၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်မှတ်ထားသည့် အခြေခံမူများနှင့်အညီ ရွေးချယ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဇော်မင်းသိန်း၊ ဦးစိုးသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး စိုးကျော်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ကျေးရွာအုပ်စု (၄၈)အုပ်စု၊ ကျေးရွာခွဲပေါင်း (၂၈၄)ရွာရှိပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်ရန် ကျေးရွာတာဝန်ရှိသူများ၏ တင်ပြမှုမှ ကျေးရွာပေါင်း (၁၄)ရွာရှိသည့်အနက် ဒေသဖွံ့ဖြိုးရေး အားနည်းသည့် ကျေးရွာ(၇)ရွာအား တာဝန်ရှိသူများက ပဏာမရွေးချယ် အတည်ပြုပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျေးရွာ(၂)ရွာအား ပဏာမရွေးချယ် အတည်ပြုခဲ့ကြောင်း မြို့နယ် ကျေးလက်ဦးစီးဌာနရုံးမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


