မန္တလေး ၁၇ နိုဝင်ဘာ

မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - Mandalay) အဆောက်အဦးသစ် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် ထံက သိရသည်။

နိုဝင်ဘာ ၉ ရက်မှစတင်ကာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL-Mdy)၊ ဓါတ်ခွဲခန်းမှ စက်ပစ္စည်းများကို ပိုးသန့်စင်ကာ ဓါတ်ခွဲခန်းအသစ်သို့ ပြောင်းရွှေ့ပြောင်းထားပြီး နိုဝင်ဘာ ၁၆ ရက်က စတင်အသုံးပြုနေကြောင်း သိရသည်။

“၁၇ ရက်နေ့ (ဒီနေ့) မှာ test (စစ်ဆေး) တွေကို ပြန်လည် လည်ပတ်တော့မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်းပေါ်ရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနဝန်းအတွင်းရှိ မြေနေရာတွင် တည်ဆောက်ထားသည့် အဆိုပါဓာတ်ခွဲခန်းသည် နိုင်ငံတကာအဆင့်မီ Bio Safty Level (+2) အဆင့်ရှိ အာစီအမျိုးအစား နှစ်ထပ်ခွဲ အဆောက်အဦဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန် သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါးများ၊ Negative Pressure စနစ် ဓာတ်ခွဲခန်းများ ပါ၀င်သည်ဟု သိရသည်။

ဖြိုးအိ