ပွင့်ဖြူ ၁၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်၊ ဆီ၊ ကြက်ဉ စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအနေဖြင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာတွင် အိမ်ထောင်စု(၃၀)စု၊ ကျောင်းစုကျေးရွာတွင် အိမ်ထောင်စု(၅)စု၊ ဇီးကျွန်းကျေးရွာတွင် အိမ်ထောင်စု(၁)စု စုစုပေါင်း အိမ်ထောင်စု(၃၆)စုရှိပြီး ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များ စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့က ဆန်(၂၄)ပြည်အိတ် (၃၆)အိတ်၊ (၁)လီတာဆံ့ ဆီဘူး (၃၆)ဘူး၊ ကြက်ဉအလုံး (၃၆၀)တို့ကို ပေးပို့လှူဒါန်းရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်၊ ဆီ (၁)ဘူး၊ ကြက်ဉ(၁၀)လုံးစီ ထောက်ပံ့ပေးအပ်ရာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့်အိမ်ထောင်စုဝင်များ ပြောင်းရွှေ့ရန် မြေနေရာ အခက်အခဲမဖြစ်စေရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်ပြည်သူများမှလည်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သောက်ရေသန့်များနှင့် အလှူငွေများ လာရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပေါက်ကုန်း ကျေးရွာအုပ်စု၊ ကံလှကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


