ရန်ကုန် ၁၇ နိုဝင်ဘာ

ရန်ကုန်ဆိပ်ကမ်းဖြစ်သော စဉ့်အိုးတန်းဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ရှိ ဘိုးပိုင်အခြေပြု မြစ်ကမ်းထိန်းနံရံသုံးခုကို တည်ဆောက်ပြီးစီးခဲ့ရာ ကမ်းပြိုကမ်းလျော ကာကွယ်မှုနှင့်အတူ စက်သမ္ဗန်စီးခရီးသွားများ ဆိပ်ကမ်း အတက်၊ အဆင်း သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စဉ့်အိုးတန်း အမှတ် ၁ နှင့် အမှတ် ၂ ဗောတံတားကြားတွင် တည်ဆောက်ခဲ့သော ဘိုးပိုင်အခြေပြု မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကို မတ်လကုန်နှင့် မေလတို့တွင် လုပ်ငန်းစတင်ခဲ့ပြီး မြစ်ကမ်းထိန်းနံရံ လျောစောက်အရှည်မှာ ၄၃၂ ပေဖြစ်၍ စက်သမ္ဗန်များ အတက်၊ အဆင်းများသော စဉ့်အိုးတန်း အမှတ် ၁ နှင့် အမှတ် ၂ ကြား၌ အရှည် ၂၇၃ ပေ၊ စဉ့်အိုးတန်း အမှတ် ၁ နှင့် လမ်းမတော် ဗောတံတားကြားတွင် ၇၅ ပေ၊ စဉ့်အိုးတန်း အမှတ် ၂ ဗောတံတားတစ်ဖက်၌ အရှည် ၈၄ ပေဖြင့် စုစုပေါင်း ဘိုးပိုင်အခြေပြု မြစ်ကမ်းထိန်းနံရံ ၄၃၂ ပေကို နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် တည်ဆောက်မှုပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထို့နည်းတူ ပေ၃ ၉၀ နှင့် ပေ ၄၀၀ အရှည်ရှိသော ဆိပ်ကြီးခနောင်တို ဂျောင်ဝိုင်းလေးကျေးရွာ မြစ်ကမ်းထိန်းနံရံနှင့် တွံတေးမြို့နယ် ဂျောင်ဝိုင်းကြီးကျေးရွာ မြစ်ကမ်းထိန်းနံရံတို့ကိုလည်း တစ်ပြိုင်တည်း တည်ဆောက်ခဲ့ရာ အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးခဲ့၍ ကမ်းပါးရေတိုက်စားခြင်းနှင့် မြစ်ကမ်းပါးပြိုကျနိုင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

“စဉ့်အိုးတန်းဆိပ်ကမ်းမှာ မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကို နိုဝင်ဘာ ၁၅ ရက်က ပြီးစီးခဲ့ပါပြီ။ သင်္ကြန်ပြီးတော့ ကိုဗစ်ရောဂါဖြစ်ပွားတဲ့အတွက် လုပ်ငန်းနည်းနည်း ကြန့်ကြာသွားခဲ့တာလည်း ရှိတယ်။ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအနေနဲ့ စဉ့်အိုးတန်း ဗောတံတားနည်းတူ ဂျောင်ဝိုင်းကြီး၊ ဂျောင်ဝိုင်လေးကျေးရွာ မြစ်ကမ်းထိန်းနံရံ တည်ဆောင်မှုလည်း ပြီးစီးပြီဖြစ်လို့ ကမ်းပြို၊ ကမ်းလျောမှုကို ကာကွယ်နိုင်ပြီး ခရီးသွားတွေလည်း အဆင်ပြေပါပြီ” ဟု စဉ့်အိုးတန်းဆိပ်ကမ်း မြစ်ကမ်းထိန်းနံရံတည်ဆောက်မှု မြတ်ဘုန်းလျံကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးမြင့်က ပြောသည်။

ရန်ကုန်စဉ့်အိုးတန်းဆိပ်ကမ်းသည် တစ်နေ့လျှင် စက်သမ္ဗန်ဖြင့် ခရီးသွားလူဦးရေ တစ်သိန်းခန့် သွားလာလျက်ရှိရာ ဆိပ်ကမ်းသာယာလှပရေးနှင့် ကမ်းပြိုကမ်းလျောကာကွယ်ရေး၊ ဒလတွံတေးမှ ခရီးသွားများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကမ်းပါးထိန်းနံရံတို့ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စက်သသမ္ဗန်နှင့် ခရီးသွားများ အဆင်ပြေချောမွေ့စေရန် ကွန်ကရစ်လျောစောက် လှေခါးတစ်ထစ်လျှင် အကျယ် ၁၅ လက်မ၊ အမြင့် ၉ လက်မဖြင့် လှေခါး ၂၂ ထစ် တည်ဆောက်ထားပြီး ခရီးသွားများ ကျယ်ဝန်းစွာသွားလာနိုင်လျက် ရှိသည်။ စဉ့်အိုးတန်းဆိပ်ကမ်းတွင် ဒလမြို့နယ်သို့ သွားလာမည့် စက်မြေ၊ ဗိုလ်ရန်မြေ(ကားဆိပ်)၊ ကမာကသွယ်နှင့် ကမာကဆစ်သမ္ဗန်ဆိပ်များရှိရာ မြစ်ကမ်းထိန်းနံရံ ပြီးစီးပြီးနောက် ခရီးသွားများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မှုနှင့်စပ်လျဉ်း၍ စက်မြေဂိတ်မှ ဦးကျော်တင့်က “စဉ့်အိုးတန်းဆိပ်ကမ်းမှာ ဂိတ်လေးခုရှိတယ်။ လပြည့်၊ လကွယ် ရေပြည့်ချိန်နဲ့ ရေကျချိန်တွေမှာ ခရီးသွားတွေ အန္တရာယ်ကင်းကင်းနဲ့ စက်လှေ အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရေစစ်ချိန်မှာ လျှောက်လမ်းပုံစံနဲ့ ဂိတ်လေးဂိတ်က ခရီးသွားတွေ သူ့နေရာနဲ့သူ သွားလာနိုင်တဲ့အတွက် အဆင်ပြေပါပြီ” ဟု ပြောသည်။

စဉ့်အိုးတန်းဆိပ်ကမ်း ဘိုးပိုင်အခြေပြု ကမ်းထိန်းနံရံ တည်ဆောက်မှုအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တည်ဆောက်ခြင်းဖြစ်ပြီး ဂျောင်ဝိုင်းကြီးနှင့် ဂျောင်ဝိုင်းလေး ကမ်းထိန်းနံရံအား ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကမ်းပြိုကမ်းလျောကို ကာကွယ်နိုင်ခဲ့သည့်အပြင် သမ္ဗန်စီးခရီးသွားများလည်း စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ- သန်းစိုး