ရန်ကုန် ၁၇ နိုဝင်ဘာ
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့် မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သုဝဏ္ဏဘောလုံးကွင်းဘက်မှ ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသော TOYOTA CALDINA အဖြူရောင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ALPHARD မော်တော်ယာဉ်အား အနောက်မှဝင်တိုက်ပြီး အရှိန်လွန်ကာ လေးထောင့်ကန်လမ်းဘက်ရှိ မီးပွိုင့်မိနေသော မော်တော်ယာဉ် ၅ စီးခန့်အား ထပ်မံဝင်တိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အချိန်မီရောက်ရှိ ရှင်းလင်းခဲ့သောကြောင့် ခဏအကြာတွင် ယာဉ်ကြောပြန်လည်ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုမရှိဘဲ ဖြစ်စဉ်အား သက်ဆိုင်ရာမှ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်တင့်ထွန်း(ပြန်/ဆက်)