မင်းဘူး ၁၇ နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို လူစုလူဝေးမဖြစ်စေဘဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ကျင်းပကာ သံဃာတော်များအား လှူဒါန်းဆက်ကပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးထံက သိရသည်။

နိုဝင်ဘာ ၂၈ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) တွင် မင်းဘူးမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်း (၅၀)မှ သံဃာတော် (၁၉၁)ပါး၊ သာမဏေ (၁၇၄)ပါးနှင့် သီလရှင်ကျောင်း (၉)ကျောင်းရှိ သီလရှင်ဆရာလေး (၁၂၂)ပါးတို့ကို လှူဖွယ်ပစ္စည်းများ လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ​ဆိုသည်။

“အခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်စဉ်ကျင်းပခဲ့သလို ကျင်းပခွင့်မရတဲ့အတွက် စက္ကိန်းတဲဘုရားပေါ်မှာလည်း အလှူလုပ်လို့မရ၊ ပန်းခြံထဲမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပခွင့်မရပါဘူး။ အလားတူ မြို့မဈေး(မိသားစု)မှ စုပေါင်းဘုံကထိန်ပွဲကို ကိုဗစ်ရောဂါကြောင့် ကျင်းပခွင့်မရခဲ့ဘူး။ အဲ့ဒါကြောင့် ဌာနဆိုင်ရာမိသားစုတွေ၊ ဈေးသူ/ဈေးသားတွေ၊ မြို့သူ/မြို့သားတွေ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို ကျင်းပလှူဒါန်းကြမှာ ဖြစ်ပါတယ်။ ကိုဗစ်စည်းကမ်းတွေနဲ့ အညီပါ” ဟု ကထိန်အလှူပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ယခင်နှစ်များက မင်းဘူးခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စက္ကိန်းတဲဘုရားကြီးပေါ်တွင် ကျင်းပခဲ့ကြသည့်အပြင် တန်ဆောင်တိုင်ပွဲတော်ကိုလည်း ဗိုလ်ချုပ်ပန်းခြံအတွင်းမှာ (၂)နှစ်ဆက်တိုက် စုပေါင်းဘုံကထိန်အလှူပွဲနှင့်အတူ သီချင်းအဆိုပြိုင်ပွဲ၊ စတိတ်ရှိုးပွဲများကို တွဲဖက်ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)