မန္တလေး ၁၇ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ မြေထည်ဈေးကွက် အေးနေသော်လည်း မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးရွာမှ မြေစုဘူများကို ဒေသအနှံ့ ပုံမှန်တင်ပို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။
မြေစုဘူးဈေးကွက်သည် တစ်နှစ်ပတ်လုံး ပုံမှန်အနေအထားရှိပြီး ဆောင်းတွင်းပိုင်းတွင် ရောင်းအားပိုမိုကောင်းမွန်သည်။ မြေစုဘူးများမှာ ဆေးရောင်၏ စွဲဆောင်မှုနှင့် ကြိုက်နှစ်သက်သူများပြားသည်။ မြေစုဘူးသည် ကလေးသူငယ်အရွယ်မှ အစပြုကာ စုဆောင်းတတ်သည့် အလေ့အထကို လေ့ကျင့်သင်ကြားပေးသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းပင်ဖြစ်သည်။
တပ်ကြီးရွာမှာ မြေထည်ပစ္စည်းများကို ရာသီအလိုက် ပြုလုပ်ရောင်းချလျက်ရှိပြီး ကျေးရွာ ရွာပိုင်မြေရှိသည်။ ကျေးရွာပိုင်မြေမှ မြေများကို အိမ်တွင်သယ်စုပုံထားကာ တစ်နှစ်ပတ်လုံး မြေထည်အမျိုးမျိုးကို ပြုလုပ်ရောင်းချကြသည်။ မြေထည်အမျိုးမျိုး လုပ်ကိုင်မှုတွင် စုပုံထားသော မြေများမှ လိုအပ်သလောက်ကြိတ်ကာ ထုခြေရေစိမ်ခြင်း၊ ရေစိမ်ပြီးသည်နှင့် ဆန်ကာနှင့်ဆစ်ကာ အကန့်လေးများပြုလုပ် ဖြန့်ခင်းလှန်းပေးထားခြင်း၊ ရွှံ့ဖြစ်သွားသည့်အခါ တစ်ညသိပ်ခန့်ကြာပြီးသည်နှင့် မြေထည်ပစ္စည်းပြုလုပ်ရန်နေရာ ဒေသအခေါ် စက်ပြင်နားတွင် စုပုံကာ မခြောက်စေရန် အဝတ်များဖြင့် ဖုံးအုပ်ထားခြင်း၊ ဖုံးအုပ်ထားသော ရွှံ့များမှ လိုသလောက်ယူကာ မြေထည်ပစ္စည်းများကို ပြုလုပ်ခြင်းဖြင့် အဆင့်ဆင့်ပြုလုပ်ကြရသည်။
လက်ရှိကာလတွင် ပဌာန်းအိုး၊ စုဘူးပုံစံအမျိုးမျိုးနှင့် သောက်ရေအိုးများကို အဓိကပြုလုပ်နေသည်။ မြေစုဘူးများ ပြုလုပ်ရာတွင် အရွယ်အစား ပုံစံခုနစ်မျိုး ပြုလုပ်ရောင်းချပြီး အသေးဆုံး စုဘူးတစ်ဘူးလျှင် ဖောက်သည်ပေးဈေး ငွေကျပ် ၁၂၀ မှ မြေစုဘူးအကြီး တစ်လုံးလျှင် ငွေကျပ် ၂၅၀၀ အထိ ဈေးနှုန်းအမျိုးမျိုးရှိသည်။ တပ်ကြီးကျေးရွာမှ မြေစုဘူးများကို ဒေသအနှံ့မှ ကားများဖြင့် တိုက်ရိုက်လာရောက်ဝယ်ယူခြင်း၊ ဒေသအနှံ့ကားများဖြင့် တင်ပို့ပေးခြင်းများကို ပြုလုပ်ပေးရကြောင်း သိရသည်။
တိမ်တမန်


