မန္တလေး ၁၇ နိုဝင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်သည့် ကိုင်းမြေများတွင် စိုက်ပျိုးထားသော ပဲမျိုးစုံစိုက်ခင်းများ ရေနစ်မြုပ်သည့်အတွက် မြစ်ရေကျချိန် ဒုတိယအကြိမ်မြောက် စက်စွမ်းအားသုံး ထွန်ယက်ကာ ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဧရာဝတီမြစ်ရေ အကြိမ်ကြိမ်တိုးသည့်အတွက် ပဲခင်းများရေနစ်မြုပ်ပြီး နှစ်ကြိမ်မှ သုံးကြိမ်အထိ စိုက်ပျိုးစားရိတ် ထုတ်နေရသည့်အပြင် ပဲယင်းစိုက်သည့်ရာသီ မမီတော့သည့်အတွက် အခြားပဲမျိုးများကို စိုက်ပျိုးနေရသည်။    

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ သိသိသာသာ ကူးပြောင်းလာသည့်ကာလတွင် စက်စွမ်းအား ဝန်ဆောင်မှုပေးသူများ ပိုမိုများပြားလာခဲ့သည်။ ထွန်စက်ဖြင့် ထွန်ယက်ခမှာ တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀ ပေးရသည်။ လက်ရှိကာလ ဧရာဝတီမြစ်ရေကျချိန် ဒုတိယအကြိမ် စိုက်ပျိုးရာတွင် ရာသီခါမီ စိုက်ပျိုးနိုင်ရန်အတွက် နေ့/ည စက်စွမ်းအားသုံးကာ ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း ထွန်စက်အငှားဝန်ဆောင်မှုပေးသူ ကိုဝင်းထွန်းထံမှ နိုဝင်ဘာ ၁၆ ရက်က သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧက ရှိသည်။ ယခုနှစ် ဧရာဝတီမြစ်ရေ အကြိမ်ကြိမ်ဝင်ရောက်သည့်အတွက် တောင်သူများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

တိမ်တမန်