ရန်ကုန် ၁၇ နိုဝင်ဘာ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့်ပစ္စည်းများကို စဉ်ဆက်မပြတ် ဆက်လက်ပေးပို့လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး အဝင်ဂိတ်၌ ပြုလုပ်သည်။

ထိုသို့ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး‌လုပ်ငန်းများ ပါဝင်‌ဆောင်ရွက်နေကြသည့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများအတွက် ဆေးရုံသုံးနှာခေါင်းစည်း၊ N95 နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်သန့်ဆေးရည်၊ ခွဲစိတ်ခန်းသုံးလက်အိတ်၊ အသင်းအမှတ်တံဆိပ်ပါ ရာဘာအေပရွန်၊ ပလတ်စတစ်အမှိုက်အိတ်၊ ကာဘော်လစ်ဆပ်ပြာ၊ အသိပညာပေးဗွီနိုင်းနှင့် အမှိုက်ပုံးတို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ တင်ထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့က ပေးအပ်ရာ တိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်တို့မှ ကြက်ခြေနီ‌ စေတနာလုပ်အားရှင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 ဝင်းအောင်(MRCS)