နေပြည်တော် ၁၇ နိုဝင်ဘာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များသည် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝပြီး ကျေးလက်နေ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးတို့အတွက် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ကမ္ဘာအဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း တောင်သူများ လယ်ယာလုပ်ငန်းခွင်တွင် တွေ့ကြုံရသည့် အခက်အခဲများ သိရှိနိုင်ရန်အတွက် နိုဝင်ဘာ ၁၀ မှ ၁၆ ရက်အထိ လယ်ယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုစစ်တမ်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းထံမှ သိရသည်။
လယ်ယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကို သိရှိရန် စစ်တမ်းကောက်ယူခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း- နေပြည်တော် ရုံးချုပ်အပါအဝင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လက်အောက်ခံ သုတေသနခြံ (၂၅)ခြံရှိ သုတေသနခြံတာဝန်ခံများနှင့် သုတေသနပညာရှင်များက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်ဖြစ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သုတေသနခြံ (၂၅)ခြံ၏ သုတေသနပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် တောင်သူအခြေပြု သုတေသနစခန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ သုတေသနစခန်းများရှိ တောင်သူကိုယ်စားပြု တောင်သူ့ခေါင်းဆောင်များက လတ်တလော ကိုဗစ်-၁၉ ရောဂါ၏ အကျိုးသက်ရောက်မှုကြောင့် လယ်ယာလုပ်ငန်းခွင်တွင် ရင်ဆိုင်ကြုံတွေ့နေရမှုများကို ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်တမ်း (Survey) ကောက်ယူချက်၏ ပဏာမတွေ့ရှိချက်များအရ တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ကိုဗစ်-၁၉ ၏ အကျိုးဆက်အဖြစ် လုပ်အားခများ တိုးပေးရခြင်း၊ သယ်ယူပို့ဆောင်ရေး နှောင့်နှေးခြင်းနှင့် အကန့်အသတ်များရှိခြင်းတို့ကြောင့် သွင်းအားစု (ဥပမာ- မြေသြဇာ၊ ပိုးသတ်ဆေး) များ၏ လိုအပ်သည့်အချိန် ရရှိရန်ခက်ခဲခြင်း၊ ဈေးနှုန်းမတည်ငြိမ်မှုများရှိခြင်း၊ ထွက်ရှိသော သီးနှံများအား ဈေးကွက်သို့ သွားရောက်ရောင်းချရန် အခက်အခဲရှိခြင်းနှင့် ဈေးကစားမှုများရှိခြင်းတို့ ရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။
အဆိုပါ လယ်ယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ရောဂါ၏ အကျိုးသက်ရောက်မှုစစ်တမ်းကို တောင်သူအခြေပြု သုတေသနစခန်း (၅၂)ခုတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေမိုးသဲ


