mdn

နေပြည်တော် ၁၈ နိုဝင်ဘာ

 

တိုင်းပြည်နှင့်လူမျိုး အရေးကိစ္စအမျိုးမျိုးတို့ကို ဖော်ဆောင်ရာ၌ ပေါ်ပေါက် လာသည့် ကောင်းမွေဖြစ်စေ၊ ဆိုးမွေဖြစ်စေ ပြည်သူများ၏ ပါဝင်မှုအပေါ်တွင် အဓိကမူတည်နေကြောင်း မြန်မာ့သမိုင်းကြောင်း တစ်လျှောက်၌ အစဉ် အလာအားဖြင့် ဖော်ညွှန်းပြသခဲ့ကြပြီးဖြစ်သည်။ မျက်မှောက်ခေတ် ပြည်သူ သည်သာ အဓိကဖြစ်သောကာလတွင် ပြည်သူများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှု၍ ဆိုးမွေ များကိုရှောင်ရှားပြီး ကောင်းမွေများ ဖြစ်လာအောင် ဝိုင်းဝန်းဖော်ဆောင်ပေးရမည့်အချိန် ဖြစ်ပေသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင် ဘာလ ၁၆ရက်နေ့ကကိုဗစ် -၁၉ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့ရာတွင် ကျွန်မတို့ ပြည်သူတွေ က လုပ်ရဲကိုင်ရဲလည်းရှိတယ်။ တာဝန်လည်း သိတတ်ပါတယ်။ ထက်မြက်မှု လည်း ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကောင်းဖို့အတွက်၊ ကိုယ့်လုံခြုံမှုအတွက်၊ ကိုယ့်နိုင်ငံလုံခြုံမှုအတွက် အားလုံး ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ပြည်သူတွေက အဓိကဆိုတာတော့ မမေ့ပါနဲ့ ဟု မှာကြားခဲ့သည်။

 

မြန်မာပြည်သူ ပြည်သားများ၏ စိတ်ဓာတ်နှင့်စွမ်းဆောင်ရည်တို့ သည် ပင်ကိုအခံအားဖြင့် အများစုမှာ အထူးကောင်းမွန်ထက်မြက်ကြ သည်ကို တွေ့ရသည်။ အရာရာတွင် ပြည်သူသည်သာ အဓိကဖြစ်သကဲ့သို့ ထိုသို့ အဓိကဖြစ်သည်ကို ပြည်သူများအနေဖြင့် အကျိုးရှိစွာအသုံးချကြရ မည်ဖြစ်သည်။ နိုင်ငံ့ ခေါင်းဆောင် များကိုယ်တိုင် ပြည်သူများအပေါ် အလေး ထားကြောင်း၊ ပြည်သူအားသာ အဓိကဖြစ်ကြောင်း၊ ပြည်သူများ အား ယုံကြည်ကိုးစားကြောင်း၊ ပြည်သူများအား ကျေးဇူးတင်ကြောင်း မကြာခဏ အသိအမှတ်ပြု အလေးထားခဲ့သည်ကို တန်ဖိုးထားကြရမည်ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်တွင် ပြည်သူများသည် နိုင်ငံသားတာဝန်ကျေပွန်အောင် မိမိတို့၏အားများကို ထုတ်ဖော်ပြ သခဲ့ကြသည်။ နိုင်ငံတော်အပေါ်တွင် တာဝန်ကျေပွန်စွာဖြင့် ပါဝင်လက်တွဲ ဆောင်ရွက်ခဲ့ကြသည်။ ၂ဝ၂ဝ ပြည့်နှစ် အတွက် အဓိကကျသည့် တိုင်းပြည်အရေးကိစ္စများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရလဒ်ကောင်းများ ပေါ်ထွက် လာခဲ့သည်။ ရှေ့အနာဂတ် တွင်လည်း ဤသို့ပင်အောင်မြင်ဖြစ်ထွန်းအောင် ညီညီညွတ်ညွတ် လက်တွဲ ပါဝင်ကြရမည်ဖြစ်သည်။

 

ပြည်သူလူထုသည် နိုင်ငံအပေါ်တွင် တာဝန်သိသလို နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူသည်သာ အဓိကဟူသည့်ခံယူချက်ဖြင့် ပြည်သူလူထုအရေး ကိစ္စများ၊ ပြည်သူလူထု လိုလားချက်များကို ဦးစားပေး၊ အလေးထားဆောင်ရွက်ပေးနေသည်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး ကိစ္စများတွင် လူမျိုး၊ ဘာသာ၊ နေရာ ခွဲခြားခြင်းမပြုဘဲ အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အဓိကရင်ဆိုင်ကြုံတွေ့နေ ရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလ၌ ပြည်သူလူထု ကျန်းမာရေး၊ ရောဂါကင်းဝေးရေး၊ စားဝတ်နေရေး၊ လူမှုစီးပွားတည့်မတ် ရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်ကာလ၌ အခြေခံပြည်သူများ၏ အခက်အခဲများအား မျက်ခြည် မပြတ်ကြည့်ရှု သက်သာသောချေးငွေ ထုတ်ချေးရေး၊ ထောက်ပံ့ကြေးငွေ ပေးဝေရေးတို့ကို အဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ဖွံ့ဖြိုးစတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာအောင် စီးပွားရေးမှစ၍ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အတိုက်အခိုက်များကြားမှ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောလာအောင် ဆောင်ရွက်နေသည်။ နိုင်ငံနှင့်ပြည်သူ အရေးတွင် အစဉ်အမြဲ ရှေ့တန်းမှ လက်တွဲပါဝင်လာခဲ့ကြသည့် ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ နိုင်ငံအကျိုးအတွက် အကောင်အထည် ဖော် ဆောင်ရွက်မှုများ၊ ပြည်သူ့အကျိုးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေးစားလိုက်နာပြီး ပါဝင်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူလူထုအား အစီ ရင်ခံ တင်ပြသည့်အတိုင်း လုပ်ရဲ ကိုင်ရဲရှိသော၊ တာဝန်သိသော၊ ထက်မြက် သော ပြည်သူပြည်သားများအနေဖြင့် မိမိတို့၏ ကျန်းမာရေး၊ မိမိတို့၏ လုံခြုံရေး၊ မိမိတို့၏ စားဝတ်နေရေးပြေလည်ရေး၊ မိမိတို့နိုင်ငံ လုံခြုံရေး၊ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်နှင့်အတူလက်တွဲ၍ ဝိုင်းဝန်း ကြိုးပမ်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။

 

ကြေးမုံ