mdn

နေပြည်တော် ၁၈ နိုဝင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက သာယာကုန်းရွာဘက်မှ မောင်တောမြို့သို့ မောင်းနှင်လာသော အရပ်ဘက်မော်တော်ယာဉ်တစ်စီးကလိပ်ရလမ်းဆုံနှင့် ထန်းချောင်း တံတားကြားအရောက် ကားမိုင်းနင်းမိ ပေါက်ကွဲခြင်းကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ ကျော်ခန့်တွင် မောင်တောမြို့နယ် သာယာကုန်းကျေးရွာဘက်မှ မောင်တောမြို့ဘက်သို့ ကျော်ရဲအောင်(စိစစ်ဆဲ) မောင်းနှင်ပြီး ခရီးသည် ရခိုင်တိုင်းရင်းသားရှစ်ဦးလိုက်ပါလာသော အရပ်ဘက်ယာဉ်သည် လိပ်ရလမ်းဆုံနှင့် ထန်းချောင်းတံတားအကြား၌ ARSA  အကြမ်းဖက်အဖွဲ့ ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ်မှာ လမ်းယာဘက် ပေ ၅၀ ခန့်သို့  လွင့်စဉ်သွားပြီး ကားလမ်းအလယ်၌ ၁၅ ပေပတ်လည် အနက်ခုနစ် ပေခန့်ရှိ မြေကျင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ကားမိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်မောင်း/ ခရီးသည် ကိုးဦး အနက် ယာဉ်မောင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည် ခြောက်ဦး(အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသမီး  ကလေးငယ်လေးဦး) ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေဆုံး/ဒဏ်ရာ ရရှိသူများအား မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း။

 

ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်း အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ် သည့် လမ်းမကြီးများပေါ်တွင် အရပ်ဘက်သုံး ခရီးသည်တင်ယာဉ် များနှင့် ဒေသခံပြည်သူလူထုအား ဒုက္ခရောက်စေရန် အဖျက်လုပ်ငန်းများ ကျူးလွန်လျက်ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်