ကာမိုင်း  ၁၈  နိုဝင်ဘာ                  

                     

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာရှိ တောင်သူဦးစန်းလှိုင်၏ လယ်မြေ၌ ကာမိုင်းမြို့စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ နိုဝင်ဘာ (၁၆)ရက် မွန်းလွဲပိုင်းက မိုးစပါးဆင်းဧကရီ(၃)မျိုးစေ့ထုတ် စံပြကွက်အား ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ စံပြကွက်ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးတင်အောင်မိုးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှူးဦးစိုးထွန်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ တောင်သူ ဦးစန်းလှိုင်၏ လယ်မြေတွင် (RS to CS)အဆင့်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ(၃)မျိုးသန့်ကို ခြွေလှေ့စက်ဖြင့်ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ မိုးစပါးဆင်းဧကရီ(၃)မျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်းရာတွင် ဒသမ(၁၀)၊ (၆၆)ပေပတ်လည် ရိတ်သိမ်းကြရာ တစ်ဧကလျှင်စပါးထွက်နှုန်း (၁၂၅)တင်းကျော်အစိုထွက် ထွက်ရှိကြောင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းခြွေလှေ့ပါက တောင်သူများအနေဖြင့် သီးနှံအရည်အသွေးများ ကောင်မွန်လာစေခြင်း၊ သီးနှံအထွက်နှုန်းများ အလေအလွှင့်ဆုံးရှုံးမှုများ သက်သာစေခြင်း၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ သက်သာစေခြင်းနှင့် လုပ်ငန်းခွင်တွင်ကျယ်စွာ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးတင်အောင်မိုးထံမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)