ပဲခူး ၁၈ နိုဝင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ပဲခူးခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဆွေလင်းသည် နိုဝင်ဘာ(၁၇) ရက် နံနက်ပိုင်းက ဝေါနှင့် ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆွေလင်းသည် အင်းတကော်မြို့၊ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်သိန်းနှင့်အတူ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ ၃၃/၁၁ကေဗွီ(၈)အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် စက်ပစ္စည်းများ ကြံ့ခိုင်မှုအခြေအနေ၊ ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ကေဗွီဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြစ်ကျိုးမြို့၊ မြို့လျှပ်စစ်မှူးဦးစန်းလင်းက လိုက်လံရှင်းလင်း ပြသပြီး ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆွေလင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပုဂံကျေးရွာ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် ၁၁ကေဗွီ(၂.၅)မိုင်၊ ၂၀၀ကေဗွီအေ ထရန်စဖော်မာတပ်ဆင်ပြီးစီးမှု၊ ကျေးရွာအတွင်း မီးသုံးစွဲနေမှု၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအား လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးရှင်းလင်းခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြစ်ကျိုးကျေးရွာရှိ ၃၃/၁၁ကေဗွီ(၈)အမ်ဗွီအေ ဓာတ်အားခွဲရုံသည် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၂၀၁၇ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ဝေါမြို့နယ်အတွင်းမှ ကျေးရွာပေါင်း(၁၆)ရွာ၊ ဒိုက်ဦးမြို့နယ်မှ ကျေးရွာ(၂)ရွာ၊ ပေါင်းကျေးရွာ(၁၈)ရွာမှ လျှပ်စစ်ဓာတ်အားသုံးစွဲသူ အိမ်ထောင်စု (၈၇၀၀)ကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆွေလင်းသည် ပဲခူးမြို့နယ် ဘုရာကြီးမြို့၊မြို့ပေါ်(၃)ရပ်ကွက်နှင့် မယင်းကျေးရွာအုပ်စု၊ ဘောနက်ကြီးကျေးရွာအုပ်စု(၁၁)ရွာ၊ ဘုရားကလေးကျေးရွာ အုပ်စု(၁၅)ရွာ၊ ပေါက်တောကျေးရွာ စသည့်နေရာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသည့် ဘုရားကြီးမြို့၃၃/၁၁ကေဗွီ(၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံသို့သွားရောက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် စက်ပစ္စည်းများကြံ့ခိုင်မှုအခြေအနေ၊ ၃၃ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ကေဗွီဓာတ်အားလိုင်းများကြံ့ခိုင်ကောင်းမွန်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် သမန်းကုန်းကျေးရွာ ၁၁/၀.၄ကေဗွီ၊ ၁၀၀ကေဗွီအေ ထရန်စဖော်(၂)လုံးနှင့် ပေ(၁၈၀၀) ၁၁ကေဗွီလိုင်း၊ ပေ(၂၈၀၀) ၄၀၀ဗို့လိုင်း တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ NEPစီမံကိန်းဖြင့်ဆောင်ရွက်သည့် တောင်ပဲသီးကုန်းကျေးရွာ ထရန်စဖော်မာနှင့် လျှပ်စစ်မီးလိုင်းများတပ်ဆင်ဆောင်ရွက်ပြီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဘုရားကြီးမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးစောစိုးထက်က လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆွေလင်းသည် ပဲခူးမြို့၊ မြို့ရှောင်လမ်းဘေးရှိ ဂျပန်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၃၃/၁၁ကေဗွီ(၁၀)အမ်ဗွီအေ အမှတ်(၄)ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ လိုင်းများသွယ်တန်းပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါအမှတ်(၄)ဓာတ်အားခွဲရုံသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၁/၅/၆/၈)ရပ်ကွက်များ၊ မဇင်းရပ်ကွက်နှင့် မြို့ရှောင်လမ်းတို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


