မြို့သစ် ၁၈ နိုဝင်ဘာ
တောင်သူများ စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်၍ အထောက်အကူပြုစေရန်အတွက် တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာ(Knowledge Centre) အား စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ မြို့သစ်မြို့တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်သူနည်းပညာပြန့်ပွားရေးစင်တာ(Knowledge Centre) ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး တောင်သူများမှ စိုက်ပျိုးရေးကဏ္ဍ နှင့်ပတ်သက်သည့် သီးနှံ မျိုးလိုအပ်ချက်၊ ပိုးမွှားရောဂါများအကြောင်း၊ စိုက်ပျိုးနည်းစနစ်များနှင့် တောင်သူ အသိပညာပေးဟောပြောခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
“အရင် ၁၉၈၇-ခုနှစ်က ဝယ်ယူထားတာကို တောင်သူနည်းပညာပေးစင်တာ ပြန်ပြင်တည်ဆောက်တာပါ၊ ဘာတွေဆောင်ရွက်မလဲဆိုတော့ တောင်သူတွေကို နည်းပညာပေးဟောပြောပွဲတွေလုပ်မယ်၊ ပိုးမွှားရောဂါနဲ့ပတ်သက်ပြီး နည်းပညာတွေလိုအပ်လို့ ဆက်သွယ်လာရင်လည်း နည်းပညာပေးမယ်၊ အဲ့ဒီမှာဝန်ထမ်းနှစ်ယောက်တာဝန်ထမ်းဆောင်မှာပါ၊ မျိုးလိုအပ်ချက်ရှိလို့ရှိရင်လည်း ဆက်စပ်ပေးမယ်၊ မြေအသုံးချနဲ့ပတ်သက်လို့ရှိရင်လည်း မြေစမ်းပေးတာ၊ရေစမ်းပေးတာ၊ နောက်ပြီးတော့ အီးအမ် ဘိုကာရှီမြေဆွေးပြုလုပ်တာ၊ စပါးခွံပေါင်းခံရည် လုပ်တာတွေပြပေးမယ်၊ ကောက်ရိုးမှို စိုက်ပျိုး နည်းကိုလည်း ဖြန့်ဝေပေးမယ်၊ အိမ်တိုင်ရာရောက်ပညာပေးပါမယ်” ဟု မြို့သစ်မြို့ စိုက်ပျိုးရေး ဦးစီးမှူးဦးမြင့်ကိုကိုက ပြောသည်။
မြို့သစ်မြို့တွင် စိုက်ပျိုးမြေဧရိယာအနေဖြင့် လယ်မြေဧက(၁၂၄၈၆)ဧက၊ ယာမြေ(၁၄၉၂)ဧက၊ ကိုင်းကျွန်းမြေ(၈၁၄၄)ဧက၊ စုစုပေါင်းအသားတင်စိုက်ပျိုးမြေဧရိယာ(၂၂၁၂၂)ဧကရှိကြောင်း မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)


