ပွင့်ဖြူ ၁၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့အဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် စုရပ်ပြုလုပ်၍ Mask Campaign အသိပညာပေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့တွင်းဖြတ်သန်း သွားလာသော မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များကို ရပ်တန့်စေပြီး ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသော ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အပြင်သွားလာ မည် ဆိုပါက မဖြစ်မနေ နှာခေါင်းစည်း၊ Face Sheild များ စနစ်တကျတပ်ဆင်ပြီးမှသာ အပြင်သွားလာကြရန်၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာစီ နေထိုင်ကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign အသိပညာပေးလုပ်ငန်းကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် နေ့စဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


