သထုံ နိုဝင်ဘာ ၁၈
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(၂)ခု တို့ကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးမြင့်နိုင်ဦးက ကျေးလက်ဒေသ ဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)တိုနှင့်ပတ်သတ်၍ သထုံမြို့နယ်အတွင်း လက်ရှိအချိန်ထိ ဆောင်ရွက်ခဲ့ပြီးသည့်ကျေးရွာများ၊ ယခု ဘဏ္ဍာနှစ်အတွင်း စီမံကိန်းတစ်ခုချင်းစီအလိုက် လျာထားသည့်ကျေးရွာများနှင့် စီမံကိန်းများအတွက် ကျေးရွာ ရွေးချယ်ရာတွင် ဦးစားပေး ရွေးချယ်ရမည့်အချက် တို့ကို ရှင်းလင်းပြောကြားရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော် ဒေါက်တာဇော်လင်းထွဋ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက စီမံကိန်းတစ်ခုချင်းစီအလိုက် ဦးစားပေး ရွေးချယ်သင့်သော ကျေးရွာများကို ညှိနှိုင်းဆွေးနွေး ရွေးချယ်ပေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်း လက်ရှိအချိန်ထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ ၂၈ ရွာ၊ ရန်ပုံငွေကျပ်သိန်း(၁၀ဝ)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာ ၃၄ ရွာဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ယခုဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်း (၁) ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆)ရွာ အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)


