မုံရွာ  ၁၈  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ သမိုင်းဝင်ရွှေစည်းခုံ စေတီတော်မြတ်ကြီးတွင် နိုဝင်ဘာလ(၂၈)ရက် (တန်ဆောင်မုန်းလဆန်း (၁၄)ရက်) နေ့တွင်ကျင်းပမည့်  မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ရက်ကန်းပြိုင်ပွဲကို ယခုလက်ရှိ ဖြစ်ပွားလျက်ရှိသော Covid-19  ရောဂါ အခြေအနေကြောင့် မကျင်းပဖြစ်တော့ကြောင်း ရွှေစည်းခုံ ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ရက်ကန်းပြိုင်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ညနေပိုင်းတွင် ရွှေစည်းခုံ စေတီတော်မြတ်ကြီးဝင်းအတွင်း ကျင်းပပြီး ပြိုင်ပွဲမှရရှိသည့် မသိုးသင်္ကန်း (၅)ထည်အား ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်(၄)ဆူနှင့် ဆုတောင်းပြည့်ဘုရားဝင်းအတွင်းရှိ ရုပ်ပွားတော် တစ်ဆူတို့တွင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

“အခုနှစ်မှာ ကျင်းပမယ့် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲက Covid-19  ရောဂါကြောင့် မလုပ်ဖြစ်တော့ဘူး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ လူ(၃၀) ထက်ပိုပြီး စုဝေးခွင့်မပြုတဲ့အတွက် လုပ်ဖို့ အဆင်မပြေဘူး၊ အခုနှစ်ကတော့ ပြိုင်ပွဲသမိုင်းတစ်လျောက်မှာ ပထမဦးဆုံးအကြိမ် မကျင်းပဖြစ်တာပါ” ဟု ရွှေစည်းခုံ ဘုရားကြီးဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးအောင်သန်းက ပြောသည်။

 

မုံရွာမြို့ ရွှေစည်းခုံဘုရားကြီးဝင်းအတွင်း နှစ်စဉ်ကျင်းပသည့် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရက်ကန်း ပြိုင်ပွဲတွင် မဏိစန္ဒာစင်တော်၊ သူရိယဝစ္ဆသာစင်တော်၊ ဒေဝစ္ဆရာစင်တော်၊ ဝဏ္ဏပါဘာစင်တော်၊  ဓါတုကလျာ စသည့် စင်တော် (၅)စင်ဖြင့် ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn