မောင်တော ၁၈ နိုဝင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ၌ သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၆ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၆ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် နိုဝင် ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိနေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့် နေထိုင်ရမည် ဖြစ်ရာ ဆက်လက် ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာကြဖို့ မှာကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူများကို ကရုဏာကွန်ယက်အဖွဲ့ တာဝန်ရှိသူများက နေအိမ်များသို့ လိုက်ပို့ပေးခဲ့ကြသည်။
မောင်တောမြို့တွင် နိုဝင်ဘာ (၁၈)ရက်နေ့ နံနက်ပိုင်းထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း(၃၇၂) ဦး အထိရှိရာ ယနေ့နံနက်ပိုင်းတွင် ရောဂါပျောက်ကင်းသူ(၆)ဦးကို ထပ်မံ၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်မှာ စုစုပေါင်း (၃၁၀) ရှိပြီ ဖြစ်ရာ သေဆုံးသူ (၂)ဦး ရှိပြီးဖြစ်သည်။ လက်ရှိ မောင်တောပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၀) ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ ထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


