ကော့မှူး ၁၈ နိုဝင်ဘာ
ကိုဗစ်(၁၉)ကာလတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ အများပြည်သူများ ကျန်းမာသန့်ရှင်းလတ်ဆတ်ပြီး သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်များ အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေး ဝန်ကြီးဌာနတို့၏ စီစဉ်မှုဖြင့် ရွေ့လျားမော်တော်ယာဉ်များဖြင့် နိုဝင်ဘာ(၁၈)ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းက ကော့မှူးမြို့နယ် ပြန်/ဆက်ဉီးစီးဌာနရုံးရှေ့ ဗိုလ်ချုပ်လမ်းဘေးတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးဝယ်သူတစ်ဉီးကလည်း “အခုလို ကိုဗစ်ကာလမှာ ကျမတို့မြို့လေးကို ဈေးကားတွေနဲ့ စားသောက်ကုန်တွေ အခုလိုလာရောက်ရောင်းချပေးတော့ ဝယ်ရတာ အဆင်ပြေတယ် ဒီကာလမှာ အလုပ်အကိုင်တွေက သိပ်အဆင်မပြေကြတော့ ရှိတာလေးတွေ ချွေတာပြီး သုံးစွဲရတယ်။ ဒီမှာရောင်းချတဲ့ ပစ္စည်းလေးတွေက အသီးအရွက်ကအစ လတ်ဆတ်ပြီး ဈေးနှုန်း သက်သာတော့ လာရောက်ဝယ်ယူခြင်း ဖြစ်ပါတယ်၊ နောက်ထပ်လည်း အခုလို လာရောက် ရောင်းချပေးဖို့ အမျိုးအစားတွေ ဒီထက် စုံလင်စွာ လာရောက်ရောင်းချပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့ ရောင်းချပေးရာတွင် ဈေးဝယ်သူ မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် ဈေးမဝယ်မီ လက်များကို လက်သန့်ဆေးဖြင့် ဖြန်းပေးခြင်း၊ Maskမပါသူများအား နှာခေါင်းစည်းMask များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ဈေးဝယ်သူ တစ်ဦးနှင့်တစ်ဦး လုံလောက်သည့် အကွာအဝေးဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန် မြို့တော်စည်ပင်နှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအဖွဲ့ဝင်များက စနစ်တကျ အစီအမံများဖြင့် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
မောင်အေးချမ်း


