ဘုတလင်       ၁၈       နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ တောင်ကုန်း(အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြားအကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိရကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က ပြောသည်။

 

တောင်ကုန်း (အရှေ့)ကျေးရွာမှ တောင်သူ ဦးနိုင်ဝင်း မွေးမြူထားသော အရေပြားအကျိတ်ရောင် ရောဂါ သံသဖြစ်ဖွယ် တွေ့ရှိရသည့် ခိုင်းနွားတစ်ကောင်ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက နိုဝင်ဘာလ ၁၇ ရက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အရေပြားအကျိတ်ရောင်ရောဂါအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။

 

ဒီအရေပြား အကျိတ်ရောင်ရောဂါက ကာကွယ်ဆေး မရှိသေးဘူး။ အဲဒါကြောင့် ရောဂါသံသယ ဖြစ်ဖွယ် တွေ့ရတဲ့ ခိုင်းနွားကနေ ကျန်းမာတဲ့ အခြားနွားတွေကို မကူးစက်အောင်လို့ နွားတွေကို အတူ မထားဘဲ သီးခြား ခွဲထားဖို့၊ ပတ်ဝန်းကျင်က ကျွဲနွားတွေကို ရောဂါကူးစက်မခံရအောင် မွေးမြူရေးခြံဖျန်း ပိုးသတ်ဆေး ဖျန်းဖို့ စီမံပေးခဲ့ပါတယ်ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်လွင်က ပြောသည်။

 

အဆိုပါအရေပြားအကျိတ်ရောင်ရောဂါသည် ကျွဲနွားများအား မွှား၊ ခြင်၊ ယင်ကိုက်ခြင်းမှတဆင့် ကူးစက်ပြီး ဘုတလင်မြို့နယ်ရှိ အခြားကျေးရွာများမှ ကျွဲနွားများတွင် သံသယဖြစ်ဖွယ် မတွေ့ရ သေးကြောင်း  သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)