၁၈ နိုဝင်ဘာ
ဩစတြေးလျ တောင်ပိုင်းပြည်နယ်မှာ ဒေသတွင်း ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ရှိခဲ့တဲ့အတွက် ၆ ရက် အသွားအလာ ကန့်သတ်မယ်လို့ သိရပါတယ်။
လူဦးရေ ၂ သန်း နီးပါး နေထိုင်တဲ့ ဩစတြေးလျ တောင်ပိုင်းပြည်နယ်မှာ ဒီနေ့ (ဗုဒ္ဓဟူးနေ့) သန်းခေါင်းယံကနေ ၆ ရက်ကြာ အသွားအလာ ကန့်သတ် (lockdown) မှာဖြစ်ပါတယ်။
အဲဒီအမိန့်အောက်မှာ ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စက်ရုံတွေပါ ပိတ်ရမှာဖြစ်ပြီး လူတိုင်းအိမ်မှာ နေရမှာဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲနဲ့ အသုဘ အခမ်းအနားတွေပါ လုပ်ခွင့်မရှိကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေထဲက နှစ်ဦးဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် ဩစတြေးလျ တောင်ပိုင်းပြည်နယ်ရှိ အက်ဒယ်လေ့ မြို့ကိုရောက်ရှိလာတဲ့ ခရီးသွားတွေကို Quarantine ထားရှိတဲ့ ဟိုတယ်နဲ့ ဆက်စပ်သူတွေ ဖြစ်ပါတယ်။ ဒေသတွင်းရောဂါပိုး ကူးစက်မှု စတင်ခဲ့တဲ့ တနင်္ဂနွေနေ့က ပိုးတွေ့ရှိသူ ၄ ဦးရှိခဲ့ရာကနေ ဒီနေ့မှာတော့ ၂၂ ဦး ရှိလာကြောင်း သိရပါတယ်။
ဩစတြေးလျ တောင်ပိုင်းပြည်နယ်မှာ ပိုးကူးစက်မှု များတဲ့ ဧပြီလကစပြီး လူတိုင်း မျက်နှာဖုံး ဝတ်ဆင်ရန် အမိန့်ထုတ်ထားပြီး ဖြစ်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး စတီဖန် မာရှယ် က အခြေအနေတွေ မဆိုးခင်မှာ လုပ်ဆောင်စရာ ရှိတာကို အလျင်မြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ အခုလို အမိန့်ထုတ်ပြန်ဖို့ နောက်ကျ မသွားခင် လုပ်ဆောင်ရတာဖြစ်ပြီး အမိန့်ထုတ်ပြန်ရန် သီတင်း နှစ်ပတ်၊ သုံးပတ် စောင့်ဖို့ မပြောနဲ့ နှစ်ရက်၊ သုံးရက်တောင် မစောင့်ချင်တဲ့အတွက်ပါ အလျင်အမြန် ထုတ်ပြန်ရတာဖြစ်ကြောင်း ပြောပါတယ်။
ရောဂါပိုး ကူးစက်မှု တားမြစ်ရန် စည်းမျဉ်းသစ် ချမှတ်လိုက်ပြီးနောက် ဒေသခံတွေဟာ ပစ္စည်းတွေ ဝယ်ယူမှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ပြည်နယ်ရဲမှူးက ရဲတွေကို ဖြန့်ချထားမှာဖြစ်ပြီး လူအများကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမူတွေ တွေ့ခဲ့ရင် ချက်ချင်း အရေးယူ ဆောင်ရွက်သွားမှာလို့ ပြောပါတယ်။
ဩစတြေးလျ နိုင်ငံမှာ ကပ်ရောဂါပိုး စတင်ကူးစက်ချိန်ကစပြီး ပိုးတွေ့ရှိသူ ၂၇,၇၇၇ ဦး ရှိပြီး သေဆုံးသူ ၉၀၇ ဦးသာရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
