နေပြည်တော် ၁၈ နိုဝင်ဘာ
စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေးနှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှု၊ မုန်တိုင်းဖြစ်ပေါ်မှုနှင့် အချို့ဒေသများတွင် ထူးခြားစွာ မိုးရေချိန် နည်းပါးခြင်း၊ ဆည်တမံများ၌ ရေအဝင်နည်းခြင်း စသည့် အခြေအနေများကို တွက်ဆ၍ အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ ရေလေလွင့်ဆုံးရှုံးမှု နည်းပါးပြီး ထိရောက်စွာ ရေပေးဝေနိုင်ရေး လုပ်ငန်းများနှင့်အတူ ရေအသုံးချသူများအဖွဲ့ Water User Group (WUG) များကို ရေသောက်စနစ်များ အားလုံး၌ လွှမ်းခြုံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ၂၀၂၀ မိုးရာသီတွင် ရေလှောင်တမံအများစု၌ ဝင်ရေလျော့နည်းကျဆင်းခဲ့ခြင်းကြောင့် အချို့သော ရေလှောင်တမံများတွင် သောက်သုံးရေ တစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးရေပေးဝေရန် မလုံလောက်သဖြင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုး နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရေလေလွင့် ဆုံးရှုံးမှုများပြားပြီး စိုက်ပျိုးရေအငြင်းပွားမှု ဖြစ်စေနိုင်မည့် ကွက်ဆင့်သောက်စနစ်များ လျော့နည်းသွားစေရန် နှင့် လယ်သမားအချင်းချင်း နားလည်မှုရှိစွာဖြင့် လယ်ကြားမြောင်းများ ဆောက်လုပ်နိုင်ရန် ရေအသုံးချသူများအဖွဲ့ Water User Group (WUG) ကို တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရေအသုံးချသူများအဖွဲ့ (၈၁၈၈)ဖွဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ရေအသုံးချသူများအသင်း Water User Association (WUA)များ အဖြစ် တိုးချဲ့ ဖွဲ့စည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တိုင်းဒေသကြီး ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများက စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေး နှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် အစည်းအဝေးတက်ရောက်လာကြသူများက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြ သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆည်တမံများမှ ရေပေးဝေခြင်းအပြင် မြစ်ရေတင် လုပ်ငန်း များ၊ စက်ရေတွင်းများမှ ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အချို့ရေရှားပါးသောဒေသများ၌ သောက်သုံးရေ ရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတစ်ဝန်း ၌ ရေလှောင်တမံ (၂၃၅) ခု၊ ရေလွှဲဆည် (၁၀၇)ခု၊ ကန် (၇၁) ခု၊ ရေတံခါး (၁၆၈)ခု၊ မြစ်ရေတင်လုပ်ငန်းပေါင်း (၂၁၀)၊ ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တား တာပေါင်း(၂၂၁)ခု (စုစုပေါင်း-၂၄၆၆ မိုင်ခန့်)၊ ရေဘေးကာကွယ်ဧရိယာ ဧက (၂၇)သိန်းခန့်၊ ဒေသမှ ထိန်းသိမ်းထားသော ကျေးလက် ဆည်/ ကန်ပေါင်း(၆၆၀၇)ခု၊ ရေပေးဝေမှုစနစ်တွင် ရေပေးမြောင်းမကြီး နှင့် ရေပေးလက်တံမြောင်းများ၏ အလျား မိုင်ပေါင်း (၁၃၁၆၂) မိုင်ခန့်ဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


