ရန်ကုန် ၁၈ နိုဝင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် KB Financial Group နှင့် Industrial Bank of Korea တို့မှ COVID-19 Test Kit များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission / Minister Counsellor Mr. Hahm Jeonghan က အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကားပြောကြားကာ KB Financial Group မှ တာဝန်ရှိသူက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission / Minister Counsellor Mr. Hahm Jeonghan၊ KB Financial Group နှင့် Industrial Bank of Korea တို့မှ တာဝန်ရှိသူတို့က COVID-19 Test Kit များ ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Test Kits များ ပေးအပ်လှူဒါန်းရာတွင် KB Financial Group မှ အမေရိကန်ဒေါ်လာ ၁၂၄၂၅ ဒေါ်လာနှင့်ညီမျှသော COVID-19 Test Kits ၂၅၀၀ ခုနှင့် Industrial Bank of Korea မှ အမေရိကန်ဒေါ်လာ ၆၇၉၄ နှင့် ညီမျှသော COVID-19 Test Kits ၁၀၀၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

သတင်း- မင်းသစ်(MNA)

ဓာတ်ပုံ- ဇော်မင်းလတ်

 

a12