နေပြည်တော် ၁၈ နိုဝင်ဘာ
လယ်ယာထွက်ကုန်သီးနှံ အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်နှင့် စက်မှုနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန်တို့ကို ရည်ရွယ်၍ အသေးစား စက်မှုလက်မှုနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က အဖွင့်မှာစကား ပြောကြားပြီး လယ်ယာထွက်ကုန် သီးနှံများကို အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သစ်သီးဝလံ အခြောက်ခံခြင်းနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ပြင်ပ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် ဦးနေဦး (Managing Director , Natural Farm Fresh Myanmar) က နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံစနစ်နှင့် ပတ်သက်၍လည်းကောင်း၊ ဦးဘုန်းမြင့်ဝင်း (အလုပ်ရုံခွဲမှူး အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း) က လျှပ်စစ်စွမ်းအင်သုံး အခြောက်ခံစက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဦးမောင်မောင်စိုး (Managing Director, Tharlarwaddy Co, Ltd) က အေးခဲအခြောက်ခံစနစ်နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်) တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ အင်ဂျင်နီယာဝန်ထမ်းများ၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြပြီး နည်းပညာရပ်ဆိုင်ရာများ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)


