မန္တလေး ၁၈ နိုဝင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဝင်ငွေရရှိမှုနည်းပါးသည့်အတွက် မြန်မာ့ရိုးရာ ရုပ်သေးပြုလုပ်သည့် ပန်းပုပညာကို အမွေဆက်ခံသည့် မျိုးဆက်သစ်များ နည်းပါးလာသည့်အပြင် လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ရုပ်သေးရုပ်ဈေးကွက် ပျက်သည့်အတွက် ရုပ်သေးပန်းပုလုပ်ငန်းအများစု ရပ်နားထားရကြောင်း သိရသည်။

ရုပ်သေးရုပ် ဈေးကွက်သည် နိုင်ငံတကာခရီးသွား ဧည့်သည်များ၊ ပြည်တွင်းခရီးသွား ဧည့်သည်များကို အားထားရောင်းချရသော ဈေးကွက်ဖြစ်သည်။ လက်ရှိကာလ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ရပ်နားထားချိန် ရုပ်သေးပန်းပုလုပ်ငန်းများလည်း ရပ်နားထားရသည်။

ရုပ်သေးရုပ်များ ပန်းပုထုရာတွင် ကျွန်းသားအတိုအစများကို အသုံးပြုထားပြီး အရုပ်ငယ်တစ်ခု သစ်သားတန်ဖိုးနှင့် အရုပ်ပန်းပုထုခငွေကျပ် (၈၀၀)ကျပ်ကျော် ကုန်ကြပြီး ရွှေချည်ထိုးအထည်မှာ (၉၀၀)ကျပ်ကျော် ကုန်ကြသည်။ အခြားဆေးသုတ်ခြင်းလုပ်ငန်း ကြိုးတပ်ဆင်ခြင်း လုပ်ငန်းများအတွက်ပါ အချိန်ပေးရသည့် တွင်ကျယ်မှုနည်းပါးသည်။ ရုပ်သေးရုပ်ပန်းပုထုသူ တစ်ဦးလျှင် စွဲစွဲမြဲမြဲ ပန်းပုထုပါမှ ငွေကျပ် ၅၀၀၀ ကျော်သာ ရရှိသည်။ ရုပ်သေးဈေးကွက်မှာလည်း တွင်ကျယ်စွာ ပြုလုပ်ခွင့်မရဘဲ ပုံမှန်သာပြုလုပ်ရသည့်အတွက် ပညာသင်ယူသူ နည်းပါးသွားခြင်းဖြစ်သည်။

ရုပ်သေးရုပ်အသေး အပြီးအစီး တစ်ရုပ်ကို ငွေကျပ် ၃၅၀၀ ဖြင့် ဖောက်သည်ပေးရသည်။ တစ်ဆင့်ရောင်းချသည့်ဆိုင်များမှာ အရုပ်တစ်ခုလျှင် ငွေကျပ် ၄၀၀၀ ကျော် ၅၀၀၀ ထောင်ဖြင့် ရောင်းချကြသည်။ ဆိုင်များတွင်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်လာသည့် ရာသီတွင်သာ ရောင်းချရသည့်အတွက် တွင်ကျယ်စွာရောင်းချရမှု နည်းပါးသည်။ ရုပ်သေးပန်းပုလုပ်ငန်းတွင် ကနိုင်သည့်ရုပ်သေးမှာယူမှု မရှိသလောက်နည်းပါးပြီး လက်ဆောင်အဖြစ် ရောင်းချသည့် အရုပ်များသာ ပြုလုပ်နေရသည်။ ခရီးသွားဝန်ဆောင်မှု ရပ်နားခြင်းနှင့်အတူ ရုပ်သေးပန်းပုလုပ်ငန်းပါ ရပ်ဆိုင်းသွားရသည်။

ရုပ်သေးကို ယခင်က ယမနေသားဖြင့်ပြုလုပ်သော်လည်း ယခုအခါ ကျွန်းသား အတိုအစများဖြင့် ပြုလုပ်ကြသည်။ ရုပ်သေးရုပ်ပြုလုပ်ရာတွင် တိရစ္ဆာန်လိုင်း လူပုံအရုပ်လိုင်း ဟူ၍ ခွဲခြားပြုလုပ်ကြသည်။ တိရစ္ဆာန်လိုင်းတွင် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်များကို အများဆုံး ထုလုပ်ရသည်။ တိရစ္ဆာန်ရုပ်ကလေးများ ပြုလုပ်ရာတွင် ခေါင်းပိုင်းနောက်ပိုင်းများကို အနုစိပ်ကာ ပြုလုပ်ရသည်။ အဆစ်အပိုင်းများ လှုပ်ရှားနိုင်စေရန် စနစ်တကျ အပေါက်ဖောက်ကာ နန်းကြိုးများဖြင့် တွဲဆက်ထားရသည်။ ဆင်ပုံ၊ မြင်းပုံ ရုပ်သေးရုပ်များကို ထုလုပ်ရာတွင် တစ်နေ့လျှင် အရုပ်အသေးအဖြူထည် ရှစ်ရုပ်အထိ ပြီးစီးသည်။ အဖြူထည်ပြီးသည်နှင့် အချောကိုင်ကာ ဆေးသုတ်ခြင်း၊ ရွှေချည်ထိုးအထည် တပ်ဆင်ခြင်းများကို ပြုလုပ်ကြရသည်။ ရုပ်သေးပန်းပုမှာ လက်ဝင်ပြီး အချောကိုင်ခြင်း ရွှေချည်ထိုးတပ်ဆင်ခြင်းများပါ ပူးပေါင်းလုပ်ဆောင်ရသော်လည်း   အမြတ်အစွန်းရရှိမှုနည်းပါးကာ အလုပ်မပျက်ရုံသာ လုပ်ကိုင်နေကြရသည်။ ပညာသင်ချိန်ကြာမြင့်ပြီး အကျိုးအမြတ်ခံစားရမှု နည်းပါးသည့်အတွက် မျိုးဆက်သစ်လူငယ်များမှာ ရုပ်သေးပန်းပု သင်ကြားမှုနည်းပါးလာသည့်အတွက် မြန်မာ့ရိုးရာ ရုပ်သေးပန်းပုပညာ တိမ်ကောမည်ကို စိုးရိမ်ရကြောင်း ရုပ်သေးပန်းပု ပညာရှင်တစ်ဦးက သုံးသပ်ပြောပြသည်။

တိမ်တမန်