ရန်ကုန် ၁၈ နိုဝင်ဘာ
အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးနှင့် ပူးတွဲ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ ဦးဆောင်၍ Virtual Meeting ဖြင့် ပြုလုပ်သည်။
အစည်းအဝေးတွင် ပူးတွဲကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်အနေဖြင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအသီးသီး၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အခက်အခဲများကို တင်ပြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ နည်းပညာနှင့် စွမ်းဆောင်ရည် ကောင်းမွန်စေရေးဆိုင်ရာ အကူအညီများ တောင်းခံသွားရန်နှင့် Category C အောက်ရှိ Article များနှင့် ပတ်သက်၍ Indicative Timeline များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် မတိုင်မီ WTO သို့ Notify ပြုလုပ်နိုင်ရေးအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်းမှုများ ပြင်ဆင်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ Category C အောက်ရှိ Article များအတွက် TACB (Technical Assistance and Capacity Building) နည်းပညာ အကူအညီနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင်ဌာနများအနေဖြင့် လိုအပ်သော အကူအညီများ ပြုစုပေးပို့ပြီးဖြစ်သည့်အတွက် Donors ရှာရန်အတွက် အတွင်းရေးမှူးရုံးမှ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက OECD ၏ COVID-19 Policy Response အကြံပြုချက် သုံးရပ်ဖြစ်သည့် လုပ်ရိုးလုပ်စဉ်များအား ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် အလွယ်တကူ သိရှိစေရေး၊ ကိုဗစ်ရောဂါ ထိန်းချုပ်မှုအတွက် ထားရှိသည့် StandardFormality များ မြန်ဆန်စွာ ဆောင်ရွက်ရေးနှင့် ဒီဂျစ်တယ် အသုံးပြုသည့် လုပ်ငန်းစဉ်များ ပြောင်းလဲဆောင်ရွက်သွားရေး အကြံပြုချက်များနှင့်အညီ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်း၊ အနာဂတ်တွင် ဒီဂျစ်တယ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ပြတင်းတစ်ပေါက်စနစ်ကို ဝိုင်းဝန်းအကောင်အထည် ဆောင်ရွက်ရန်နှင့် MACCS၊ TradeNet 2.0 အစရှိသည့် စနစ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် များမကြာမီ ကာလအတွင်းမှာ ပိုမိုမြန်ဆန်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် လုပ်ငန်းအစီအမံများကို ဦးစားပေးအလိုက် သတ်မှတ်ကာလများအလိုက် စတင်အကောင် အထည်ဖော်ရန်နှင့် Collective Approach ဖြင့် စုစုစည်းစည်း ဆောင်ရွက်ရန် ပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက စတုတ္ထအကြိမ်မြောက် ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများ၊ ဆောင်ရွက်ဆဲ အခြေအနေများအား တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက TradeNet 2.0 စနစ် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ရရှိသည့် အကျိုးရလဒ်များအား တင်ပြဆွေးနွေးသည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က အကောက်ခွန်ဦးစီးဌာနအနေဖြင့် Trade Facilitation သည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နေမှု၊ MACCS စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။
ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်းအဖွဲ့ (၅)ခုဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ Individual Agency Programme ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေး အဖွဲ့များ၏ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးများက လုပ်ငန်းအဖွဲ့များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးကြပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက အာဆီယံဒေသတွင်း ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးဆိုင်ရာ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသောဌာန၊ အဖွဲ့အစည်းများမှ အကြီးအကဲများက ဌာနများအလိုက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နိဂုံးချုပ်ပြောကြားရာတွင် WTO TFA Measures များ ကို သက်ဆိုင်ရာ ဌာနအလိုက် အကောင်အထည်ဖော် နိုင်ခြင်းအားဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး အကျိုးဖြစ်ထွန်းမှုအနေဖြင့် အချိန်ကုန်သက်သာ ကုန်ကျစရိတ်လည်း သက်သာပြီး ကုန်သွယ်မှုကဏ္ဍ တိုးတက်စေရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ TFA Measures များကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံတော်က တွန်းအားပေးရသည့် Ease of Doing Business အပိုင်းကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီး ပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး စာရွက်စာတမ်းများ အသုံးပြုသည့် လုပ်ငန်းစဉ်များကို လျော့ချနိုင်ရန်အတွက် Single Window စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


