နေပြည်တော် ၁၈ နိုဝင်ဘာ
လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းကျောင်း/ ဌာနငယ်များတွင် စောင့်ရှောက်ထားရှိသော ကလေးများ၊ အမျိုးသမီးများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း၊ ဌာနငယ်ကျောင်းအုပ်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပထမလှိုင်း ဖြစ်ပွားစဉ်ကတည်းက သင်တန်းကျောင်း/ ဌာနငယ်များတွင် ကြိုတင်ကာကွယ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ၊ သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို စံလုပ်ငန်းလမ်းညွှန်များဖြင့် စနစ်တကျ လိုက်နာနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ကလေးများ ဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း (၁၁) ဦးနှင့် ကလေး(၂၉) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါကြောင်း၊ ကျန်ရှိဝန်ထမ်းများနှင့် ကလေးများအားလုံးကိုလည်း စစ်ဆေးလျက်ရှိပါကြောင်း၊ ရောဂါပိုးတွေ့ ကလေးများနှင့် ဝန်ထမ်းများကို သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ ကူးစက်မှုများ မဖြစ်ပွားစေရန် ကလေးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရေးနှင့် အာဟာရများ ပြည့်ဝစွာ ရရှိစေရေးတို့ကို ယခုထက်ပို၍ ပံ့ပိုးပေးရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၊ မိသားစုများနှင့် ကလေးများ၏ စိတ်ဓာတ်ခွန်အား ရရှိစေရေးအတွက်လည်း အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ကျန်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သင်တန်းကျောင်း/ ဌာနငယ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်ရန် လိုပါကြောင်း၊ ကျန်းမာရေး အသိပညာပေးမှုများကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ ယခုကာလအတွင်း သင်တန်းကျောင်း/ဌာနငယ်များတွင် သတ်မှတ်ထားသော အသွားအလာ ကန့်သတ်မှုများကို လိုက်နာကြစေရန် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို နားလည်သဘောပေါက်အောင် ရှင်းပြရမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများတွင် ဝန်ထမ်းများ၊ ကလေးများ အစုအဝေးဖြင့် နေထိုင်ရသည့်အတွက် အထူးကရုပြုရမည့် အခြေအနေဖြစ်ပါကြောင်း၊ ကျောင်းများတွင် မဖြစ်မနေ အပြင်ထွက်ရပါက အကာအကွယ် ပစ္စည်းများဖြစ်သည့် Mask, Face Shield နှင့်လက်အိတ်များကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း အာဟာရပြည့်ဝစေမည့် ဖြည့်စွက်စာများကို ထပ်မံ၍ ကျွေးမွေးရန်လိုအပ်ကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ သတင်းပို့ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ရုံးအနေဖြင့် လိုအပ်ချက်များကို အချိန်မဆိုင်းဘဲဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


