နေပြည်တော် ၁၈ နိုဝင်ဘာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့သည်။
ရှေးဦးစွာ လှူဒါန်းရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် လှူဒါန်းရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသူများ အားလုံး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ပြည်သူများ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရေး လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံချက်လုပ်ငန်းများတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း တတ်နိုင်သမျှ ပါဝင်ကူညီကြပါရန် သဘာပတိကြီးက မေတ္တာရပ်ခံပေးစေလိုပါကြောင်း၊ ရောဂါကူးစက် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင် လာနိုင်မည်ဖြစ်သည့်အတွက် အဆိုပါ စီမံချက်သည် ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသော စီမံချက်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးပါက ရောဂါကူးစက်မှုများ အချိန်တိုအတွင်း ကျဆင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းသည့် ငွေကျပ်သိန်း (၃,၀၀၀) အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


