မြစ်ကြီးနား ၁၉ နိုဝင်ဘာ
ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာများတွင် ကထိန်ကာလအတွင်း၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကန့်အသတ်ဖြင့် ပြုလုပ် ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုဝန်ကြီး ဦးနေဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာများတွင် ကထိန်ကာလအတွင်း၌သာ ဆောင်ရွက်ရသည့် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲများကို သံဃာတော်၊ လူပုဂ္ဂိုလ် (၃၀) ထက်မပိုသော မိသားစုကထိန်အနေဖြင့် ကျင်းပဆောင်ရွက်နိုင်ရေး၊ ဧည့်ပရိသတ်များ ဖိတ်ကြားခြင်းမပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်တာဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြုလုပ်နိုင်ရေးဆွေးနွေးကြသည်။
ထို့အပြင် ဌာနဆိုင်ရာများအနေဖြင့် ကထိန်ပဒေသာပင်များကို မိမိတို့အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ကြိုတင်ပို့ဆောင်ထားကြရေး၊ မိသားစုအလိုက် တစ်နိုင်တစ်ပိုင် ဆောင်ရွက်သော အလှူပွဲများတွင်လည်း မိသားစုဝင်အရေအတွက်ဖြင့်သာ ဆောင်ရွက်ကြရေး၊ ပဒေသာပင် စီတန်းလှည့်လည်ခြင်းအား လတ်တလောတွင် မပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ မြို့နယ်များတွင်လည်း အလားတူ ခွင့်ပြုချက်ဖြင့် ကျင်းပဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်


