ကျောက်ပန်းတောင်း    ၁၉    နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်တွင် မြေပဲပေါ်ချိန်ဖြစ်သဖြင့်  မြေပဲခွဲစက် လုပ်ငန်းများ ပုံမှန်လည်ပတ်လျှက်ရှိနေပြီ၊ ပဲခွဲစက်ပိုင်ရှင်နှင့်ပဲခွဲစက်လုပ်သားများ လုပ်ငန်း အဆင်ပြေလျှက် ရှိနေကြောင်း သိရသည်။

 

 “ ကျွန်တော်တို့ ပဲခွဲစက်လုပ်ငန်းက မြေပဲရာသီ ဗမာလို ဝါခေါင်လကုန်ကတည်းက ပဲစပေါ်လျှင်ပေါ်ချင်း အလုပ်လုပ် ရတာပါပဲ။ မြေပဲရာသီကုန်ချိန် နတ်တော်လလောက်အထိပေါ့ဗျာ။ အဲဒီတစ်ရာသီအတွင်းမှာ ပဲခွဲရာတာဆိုပေမယ့် ကြားထဲ မှာလည်း ကျိုးကြားကျိုးကြားတော့ရှိတာပေါ့။ ပဲခွဲစက်ကတော့ တရုပ်နိုင်ငံလုပ် ဂျင်းဒေါင်းအမျိုးအစား ၂၈ ကောင် နှစ်လုံး ဝယ်ထားတာပါ။ စက်နှစ်လုံးကို တစ်နေ့ တကယ်ခွဲ ရရင်တော့ တင်း ၄/၅ ရာကျပါတယ်။ ဒီနှစ်ကတော့  ပဲတကယ်ဝင်တဲ့ရက် မှ တစ်နေကုန် တင်း(၃၀ဝ) ပဲခွဲရပါတယ်။ ပဲက ရတဲ့နေရာတွေလည်းရတယ်ဗျ။ မရတဲ့နေရာတွေကမရကြဘူးမိုးမညီ တော့ ပဲအထွက်မမှန်ကြဘူး။ တစ်ခါတစ်လေပဲ အဝင်မရှိတဲ့ရက်ဆိုရင်တော့ အလုပ်သမားခတောင် ကိုယ်က စိုက်ထုတ် ပေးရတာ မျိုးတွေရှိတာပေါ့ဗျာဒါကတော့ ပဲရာသီကုန်ကာနီးအချိန်တွေပေါ့။ အခုကတော့ နေ့စဉ်ခွဲနေရတော့ အဆင်ပြေ ပါတယ်။ အလုပ်သမားတွေလည်းအဆင်ပြေ ကိုယ်လည်း အဆင်ပြေပေါ့ဗျာ။ တကယ်တော့ ပဲခွဲစက် လုပ်ငန်းရှင်က အလုပ် သမားခနဲ့ ဆီဖိုးလောက်ပဲရတာဗျ။ ကျန်ခဲ့တဲ့ ပဲခွံပေါ်မှာပဲ စားရတာ။ ပဲခွံကတော့ တစ်နှစ်ကို သိန်း(၂၀)ဖိုး လောက်ရောင်းစား ရတော့ပေါ့ဗျာ ဟု ပိန္နှဲတောကျေးရွာမှ တိုင်းကျော် အဆင့်မြင့် မြေပဲခွဲစက်ပိုင်ရှင် ဦးဘိုက ပြောပြပါ သည်။

 

mdn

 

အဆို ပါပဲခွဲ စက်တွင် ပဲတစ်တင်းလျှင်ခွဲခ ၁၅၀ ကျပ်သာရရှိပြီး၊ တစ်နေကုန် တင်း(၃၀ဝ)ခန့်ခွဲမှ သာ ဝင်ငွေအနေ ဖြင့် ငွေကျပ် (၄၅၀ဝ၀)ခွဲရရှိမည်ဖြစ်သော်လည်း၊ လုပ်အားခမှ တစ်နေ့လျှင် လူ(၆)ဦးစာ အတွက် ငွေကျပ်(၃၆၀ဝ၀) ပေးချေ ရပြီး၊ မီးစက်ဆီဘိုးမှာ တစ်နေ့လျှင် ငွေကျပ် (၆၄၀ဝ) ခန့်ကျသင့်ရာ စုစုပေါင်းတစ်နေ့ ကုန်ကျငွေ ကျပ်(၄၂၀ဝ၀)ကျော်    ရှိကြောင်း သိရသည်။

 

ပဲခွဲခအနေဖြင့် စက်ပိုင်ရှင်မှ အကျိူးအမြတ်ရရှိမှုနည်းပြီး၊ ရာသီကုန်ချိန်ကျမှသာမြေပဲခွံရောင်းချရသည့် အပေါ်မှ ငွေကျပ် သိန်းနှင့်ချီ၍ ရရှိကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲခွဲစက်လုပ်ငန်းရှင် (၄၅)ဦး ခန့်ရှိပြီး၊မြေပဲပေါ်ချိန် ရာသီဖြစ်သည့် ဝါခေါင်/တော် သလင်းလများမှ စတင်၍ လုပ်ငန်းလှိုင်လှိုင်လုပ်ကိုင်လျှက်ရှိနေကြပြီး၊ ကျေးရွာများမှ ပဲလှမ်း/ ပဲခွဲလုပ်သားများလည်း တစ်နေ့ လျှင် လုပ်အားခအဖြစ် ၄၀ဝ၀ မှ ၅၀ဝ၀ /၆၀ဝ၀ ရရှိကြသဖြင့်မိသားစု စားဝတ်နေရေး အဆင် ပြေလျှက်ရှိကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)