ဟိုပုံး ၁၉ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဟိုပုံးမြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြိတင်ကာကွယ်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက ဟိုပုံးမြို့ယာယီပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီဈေးအတွင်းသို့ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်း ဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဈေးအတွင်း ဝင်ရောက် ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေး အသိပညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ ဈေးဝယ်များအား နှာခေါင်းစည်း(Mask)ခုရေ (၅၀၀)အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


