၁၉ နိုဝင်ဘာ
အီရန် နိုင်ငံရဲ့ နေရာဒေသ အများအပြားမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းမယ်လို့ သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အဆိုးဆုံး အီရန်နိုင်ငံမှာ ပထမလှိုင်း အတွင်း ဖေဖော်ဝါရီလက အသွားအလာ ကန့်သတ်ခဲ့ဖူးပါတယ်။
သမ္မတက နိုင်ငံကို ရုပ်မြင်သံကြားနေ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားပြီး လာမယ့် စနေနေ့ ကစပြီး နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တားမြစ်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားပါတယ်။
စည်းမျဉ်းတွေထဲမှာ တစ်မြို့နဲ့တစ်မြို့ ခရီးသွားခြင်းကို ကန့်သတ်ခြင်း၊ ပုဂ္ဂလိက ကားတွေဟာ ည ၉ နာရီကနေ နံနက် ၄ နာရီအတွင်း သွားလာခွင့် မရှိခြင်း၊ ပညာရေးဆိုင်ရာ စင်တာကို ပိတ်ထားခြင်း၊ အစိုးရဝန်ထမ်း သုံးပုံ တစ်ပုံ အရေအတွက်သာ လုပ်ငန်းခွင်မှာ ရှိနေစေခြင်း စတာတွေ ပါရှိမယ်လို့ ခန့်ထားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားမြစ်တဲ့ စည်းမျဉ်းတွေထဲမှာ ပိုးတွေ့ရှိသူ များတဲ့ မြို့တော် တီဟီရန်နဲ့ မြို့ကြီးတွေရှိ လုပ်ငန်းတွေ ပိတ်နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ပြောပါတယ်။
အီရန်နိုင်ငံမှာ ၂၄ နာရီ အတွင်း ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၄၈၀ ရှိပြီး ပိုးတွေ့ ရှိသူ ၁၃,၄၂၁ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ဆက် ပြောပါတယ်။
အီရန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ချိန်ကစပြီး ပိုးတွေ့ရှိသူ စုစုပေါင်း ၈၀၁,၈၉၄ ဦးရှိပြီး သေဆုံးသူဟာ ၄၂,၉၄၁ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
