ပွင့်ဖြူ ၁၉ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် သာမိုငရုတ်သီးနှံ စိုက်ပျိုး ရောင်းချသူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း စားသုံးသူများအကြိုက်တွေ့ကာ အရောင်းအဝယ် ကောင်းမွန်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သမန်းရင်းကျေးရွာရှိ ငရုတ်စိုက်ပျိုးတောင်သူများ ထံမှ သိရသည်။

 

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ ယခုနှစ်မှာ မဲဇလီရေလွှဲဆည်ရေဖြင့် သာမိုငရုတ် သီးနှံ စိုက်ပျိုးရေး လုပ်ငန်းက တောင်သူဝင်ငွေ တွက်ချေကိုက်ပါတယ်။ ရောင်းချရာမှာလည်း စားသုံးတဲ့ပြည်သူတွေ အကြိုက်တွေ့ပြီး ဈေးကွက်မှာ အရောင်းအဝယ် ကောင်းပါတယ်။ သာမိုငရုတ်သီးနှံစိုက်ပျိုးမယ်ဆိုရင် ပျိုးသက်(၁)လကြာ ပျိုးထောင်ပြီးပါက စိုက်ပျိုးရပြီး စိုက်ပျိုးပြီး (၂)လကြာပါက ရောင်းတန်းဝင် ငရုတ်သီးကို စတင်ဆွတ်ခူးရောင်းချရပါတယ်။ ကျွန်တော်ဆိုရင် စတင်ဆွတ်ခူးရောင်းချရတုန်းက ငရုတ်သီးပိဿာချိန် ၂၅၀၊ ၃၀၀ လောက် ဆွတ်ခူးရောင်းချရပါတယ်။ ပေါ်ဦးပေါ်ဖျားဆိုတော့ ဈေးနှုန်းကလည်း တစ်ပိဿာကို ငွေကျပ် ၂၄၀၀၊ ၂၅၀၀ ခန့် ရောင်းချရပါတယ်။ ခုလက်ရှိမှာတော့ ဈေးနှုန်းက ပြန်ကျသွားပါတယ်၊ တစ်ပိဿာကို ငွေကျပ် ၁၇၀၀ လောက်ပဲ ရောင်းချရပါတယ်။  သာမိုငရုတ်သီးနှံမျိုးစေ့ နို့ဆီဘူး တစ်ဘူးကို ငွေကျပ် ၄၅၀၀ ပေးဝယ်ရပါတယ်။ ကျွန်တော်တို့မြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့ တောင်သူတွေ ဒီနှစ် သာမိုငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ စီးပွားရေးတွက်ချေကိုက်လို့ အဆင်ပြေပါတယ် ဟု ပွင့်ဖြူမြို့နယ်သမန်းရင်းကျေးရွာမှ သာမိုငရုတ်သီးနှံစိုက်ပျိုးတောင်သူ ကိုကျော်ဇင်ဝင်း က ပြောသည်။

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် နှစ်စဉ် စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ဖူးစားပြောင်း သီးနှံများ စိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက် စားပင်သီးနှံများဖြစ်သည့် ငရုတ်၊ ပိန်း၊ ပဲရှည်သီး၊ ကြက်ဟင်းခါး၊ ဘူး စသည့် သီးနှံများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် သာမိုငရုတ်သီးနှံဈေးကွက်မှာ စားသုံးသူအကြိုက်တွေ့ကာ ဈေးကွက်ကောင်းသည့် အတွက် သာမိုငရုတ်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)