ငါးသိုင်းချောင်း ၁၉ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန(ရုံးချုပ်) အစီအစဉ်ဖြင့် နိုဝင်ဘာလ ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှု ကော်မတီ တာဝန်ရှိ သူများ၊ ငါးသိုင်းချောင်းမြို့ အားကစားနှင့် ကာယပညာကော်မတီတာဝန်ရှိသူများက အဆိုပါ အားကစားကွင်းရှိ ပြင်/ထိန်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အားကစားကွင်း ပြင်/ထိန်းလုပ်ငန်းများတွင် အထူးတန်းပွဲကြည့်စင်၌ အမိုးမိုးခြင်း၊ ပွဲကြည့်စင် တပ်ဆင်ခြင်း၊ တံခါးများ တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်းလုပ်ငန်းနှင့် ပြည်သူ့အားကစားကွင်း ဝင်ပေါက် ဆိုင်းဘုတ်တပ်ဆင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ရေကြည်မြို့နယ် အတွင်းရှိ ငါးသိုင်းချောင်းမြို့နှင့် အသုတ်မြို့ ပြည်သူ့ အားကစားကွင်းနှစ်နေရာ၌ ပြင်/ထိန်းလုပ်ငန်းများ ယခုလအတွင်း အပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကာလအတွင်း၌ အားကစားပြိုင်ပွဲ အစီအစဉ်များကို online မှ တစ်ဆင့် ယှဉ်ပြိုင်သည့် ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းနှင်းအေး၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေး၊ ပရိသတ်များဖြင့် ကျင်းပရသည့် အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ခြင်းမရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကင်းစင်သည့် အခါ၌ ဒေသတွင်း အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးသွားရန် စီစဉ်ထားကြောင်း ငါးသိုင်းချောင်းမြို့ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးဟာတင်က ပြောသည်။
စိုးမင်းဦး(ပြန်/ဆက်)


