နေပြည်တော် ၁၈  နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ကမ္ဘာဘဏ်ကိုယ်စားလှယ် Ms. Patricia Fernandes တို့က အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြုစီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားတက်ရောက်လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ Virtual Conference ကျင်းပပြုလုပ်သည့် စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ CSO များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သန်းလွင်(မကွေး)