ရန်ကုန် ၁၉ နိုဝင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ အသံလမ်းညွှန်စက်အလုံး ၁၀ဝ လှူဒါန်းခြင်းကို ဒဂုံမြို့နယ် ၊ ပြည်လမ်း ရှိ အဆိုပါ ပြတိုက်တွင် ယနေ့နံနက်က ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလီဆန်းဟွာမှ လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ကိုရီးယား- မြန်မာ - အင်္ဂလိပ်ဘာသာ အသံလမ်းညွှန်စက်အလုံး ၁၀ဝ ကို ပြတိုက်တွင် အသုံးပြုရန် သံအမတ်ကြီး မှ လှူဒါန်းရာ ဝန်ကြီးချုပ် ၊ ပါမောက္ခချုပ် တို့က လက်ခံရယူပေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့အား ပါမောက္ခချုပ်နှင့် ပြတိုက်တာဝန်ရှိသူတို့မှာ ပြတိုက်အတွင်း လိုက်လံပြသ ရှင်းလင်းတင်ပြကြသည်။
ထိုအသံလမ်းညွှန်စက်များအား ကိုရီးယား - မြန်မာ သံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့် နှင့် ကိုရီးယား - မဲခေါင်ဖလှယ်ရေးနှစ်အား ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် အမျိုးသားပြတိုက် (ရန်ကုန်)သို့ လာရောက်လည်ပတ် ကြည့်ရူ့ကြမည့် နိုင်ငံတကာဧည့်သည့်များ အနေဖြင့် အသံလမ်းညွှန်စက်များအား ပြတိုက်အတွင်း ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန် ယခုလို့ လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက် )


