နေပြည်တော် ၁၉ နိုဝင်ဘာ
မြေဩဇာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက Virtual Meeting စနစ်ဖြင့် ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များက Zoom Application ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် မြေဩဇာကော်မတီ အတွင်းရေးမှူး စိုက်ပျိူးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စရပ်များအားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသည့် မြေဩဇာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လုပ်ငန်းကဏ္ဍ တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
မြေဩဇာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးတွင် စိုက်ပျိုးရေးသွင်းအားစု မြေဩဇာများကို တောင်သူများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရန် Mobile Bagging Machine ဖြင့် မြေဩဇာထုတ်လုပ်ခွင့်ပြုပေးနိုင်ရေး၊ ထုတ်လုပ်ခွင့်လက်မှတ်အတွက် သတ်မှတ်နှုန်းထားနှင့် သက်တမ်းသတ်မှတ်ရန်ကိစ္စရပ်များ၊ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးထက်သန်ရေးအတွက် အကျိုးရှိသည့် Soil Amendment နှင့် Biochar များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန် Biochar ၏ အဓိပ္ပါယ်နှင့် စံချိန်စံညွှန်း သတ်မှတ်ရန်များ၊ လတ်တလောတွင် Biochar ၏ Heavy Metal ပါဝင်မှုကိုစစ်ဆေးပြီး စိုက်ပျိုးရေးသုံး အထောက်အကူပြုပစ္စည်းအဖြစ် ထောက်ခံချက်ပေးရန်ကိစ္စရပ်များ၊ Ammonium Nitrate အခြေခံသည့် N : 28 % နှင့်အထက် ပါဝင်သော ကွန်ပေါင်းမြေဩဇာများကို မှတ်ပုံတင်လျှောက်ထားရာတွင် အသုံးပြုသည့် ကုန်ကြမ်း Source of Nutrient ကို အထောက်အထားနှင့် တင်ပြလာသည့်အပေါ် စိစစ်ရန်ကိစ္စရပ်များ၊ အပြစ်ပေးအရေးယူထားသည့် ကုမ္ပဏီများကို မြေဩဇာဥပဒေအရ အရေးယူထားပြီး ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါက ခွင့်ပြုနိုင်ရန် ကန့်သတ်ချက်များ ထုတ်ပြန်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက မြေဩဇာများ အွန်လိုင်းစနစ်နှင့် မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်သွင်း၊ တင်ပို့ခွင့်ထောက်ခံချက် လျှောက်ထားခြင်း စသည့် လုပ်ငန်းများကို https://mairs.doa.gov.mm/ တွင် ဝင်ရောက်၍ အွန်လိုင်းပေါ်မှ အလွယ်တကူ ဆောင်ရွက်နိုင်ကြရန် စိုက်ပျိုးရေးသွင်းအားစုများအား အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း (Myanmar Agricultural Imports Registration System - MAIRS) ကို ရှေ့ပြေးစမ်းသပ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူများအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ပြည်ပမှတင်သွင်းလာသည့် မြေဩဇာများကို အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ Custom Clearance အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို ဖြေလျှော့ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် After Declaration Pattern အစား After Release Order Pattern ဖြင့် Import Declaration တင်သွင်း၍ ဆိပ်ကမ်းတွင် မြေဩဇာနမူနာ ကောက်ယူရာ၌ Straight Fertilizer များကို ဌာနက နမူနာမကောက်ယူဘဲ ကုန်တင်သွင်းသူမှ မြေဩဇာနမူနာ (Sample) ပေးပို့စစ်ဆေးရန် ဖြေလျှော့ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဆက်သွယ်ဆောင်ရွက်မှု အခက်အခဲများလျှော့ချနိုင်ရန် စီစဉ်ထားရှိကြောင်း၊ ယခုအစည်းအဝေးတွင် မြေဩဇာ တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင်လျှောက်လွှာ (၃၇၄)စောင်ကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ရက်ပေါင်း(၉၀) ကျော်လွန်သည်အထိ သက်တမ်းတိုး လျှောက်ထားခြင်း မရှိသည့် မြေဩဇာများကိုလည်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


