ရန်ကုန် ၁၉ နို၀င်ဘာ

ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံ နယ်မြေဆိပ်ကမ်းမှ ရန်ကုန် - မြစ်၀ကျွန်းပေါ် / ရန်ကုန်-စစ်တွေ / ရန်ကုန်  -မြိတ် အစရှိသောဒေသများသို့ စက်ရေယာဉ်လိုင်းများဖြင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် စားသောက်ကုန်များ ကိုဗစ်ရောဂါ ထိန်းချုပ်ကာလအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေး အဓိကထား ပို့ဆောင်ပေးနေပြီး အခါအားလျှော်စွာ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အခြားဒေသထွက် ပစ္စည်းများလည်း ကြားညှပ်၍ ပုံမှန်ပို့ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံ နယ်မြေဆိပ်ကမ်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဝန်ထမ်းများထံမှ သိရသည်။

“ကျွန်တော်တို့ ဘုရင့်နောင်ဆိပ်ကမ်းက စားသောက်ကုန်တွေက များပါတယ်၊ ပစ္စည်းကတော့ အစုံပါပဲ၊ ကုန်တင်ကုန်ချ အလုပ်က ရပ်ထားလို့ မရဘူးပေါ့။ လူသုံးကုန်နဲ့ စားသောက်ကုန်အနေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုပ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အဓိကပါ စက်တပ်သမ္ဗန်၊ စက်လှေ၊ သင်္ဘော သုံးလိုင်းနဲ့ ခေါက်ပြန် ရေလမ်းခရီးအသုံးပြုပြီး ကုန်စည်သယ်ပို့လုပ်ငန်းကို အမြဲလည်ပတ်နေပါတယ်။ ဒီလို ကိုဗစ်ကာလမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့များကနေ ရန်ကုန်လာ အတက်ကုန်က နည်းတယ်ဗျ။ ပင်လယ်ဘက်ကနေလဲ အတက်နည်းပါတယ်။ ပဲတောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ ရွာတွေကနေ တက်မဲ့ကုန်စည်တွေက ကိုဗစ်ကာလဖြစ်တော့ ပိတ်ထားတဲ့အတွက် အ၀င်အထွက်နည်းတယ်။ ရန်ကုန်ကနေ စစ်တွေတို့ မြိတ်တို့ စတဲ့မြို့ကြီးတွေကို ကုန်စည်မပြတ်လပ် သွားရေးအတွက်  ပို့ပေးနေရပါတယ်။ အရင်လိုအရမ်းကြီးတော့ ကုန်မရဘူးပေါ့ဗျာ၊ ကိုဗစ်ကာလပေမဲ့ ကုန်စည်ကတော့ ပုံမှန်လည်ပတ်နှုန်းအတိုင်း လည်ပတ်နေပါတယ်။ သင်္ဘောအ၀င်အထွက်တွေမှာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ရပါတယ်။ ယခင်ပုံမှန် ကုန်တင်ကုန်ချ အလုပ်သမား (၁၀၀)ကျော်ရှိတယ်၊ တစ်နေ့လုပ်တစ်နေ့စား ဆိုတော့ ခုက (၇၀) လောက်ပဲဆင်းပါတယ်၊ အလုပ်ဆင်းဆင်း မဆင်းဆင်း လူကြီးများ ရိက္ခာထောက်ပံ့မှုတွေ ရကြပါတယ်၊ မိသားစုဝမ်းရေးအတွက်တော့ အဆင်ပြေကြပါတယ်၊ ဒီကနေ့ထိ ကိုဗစ်ရောဂါ သံသယရှိ အလုပ်သမား တစ်ဦးတစ်ယောက်တောင် မရှိသေးပါဘူး” ဟု ရန်ကုန်မြို့ ဘုရင့်နောင်နယ်မြေဆိပ်ကမ်း ကုန်စည်ပို့ဆောင်ရေးမှ လုပ်သားစောင့်ရှောက်ရေးမှူး ဦးစိုးလွင်က ပြောသည်။

အဆိုပါ ဘုရင့်နောင် ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းခရီးတွင် သင်္ဘောလိုင်းသုံးလိုင်းဖြင့် ရန်ကုန် - မြစ်၀ကျွန်းပေါ်ဒေသ (ဖျာပုံ/ ပုသိမ်/ မြောင်းမြနှင့် အခြားမြို့ကြီးများ)/ ရန်ကုန် - စစ်တွေ/ ရန်ကုန် - မြိတ် စသော ရေလမ်းခရီးလိုင်းသုံးခုကို သတ်မှတ်စီနီယာအတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ထိုခရီးစဉ်များတွင် နယ်မြို့များမှ ငါးပိ/ ငါးခြောက်/ ပုစွန်ခြောက်နှင့် အခြားဒေသထွက်ကုန်များ ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းသို့ အ၀င်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး/ အ၀တ်အထည်/ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ/ လျှပ်စစ်ပစ္စည်းများနှင့် အခြား ပစ္စည်းအချို့ကိုလည်း ပြည်တွင်းနယ်မြေဒေသများမှ မှာယူတဲ့အတိုင်း တင်ပို့ပေးလျက်ရှိကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်း ကုန်စည်ပို့ဆောင်ရေးမှ သိရသည်။

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ- မျိုးကြီး

 

dd11