လွိုင်ကော် ၁၉ နိုဝင်ဘာလ
ကယားပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြေပြင်တွင် ဆောင်ရွက်နေရသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအား ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက် မရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ထိထိရောက်ရောက် စိစစ်ဆောင်ရွက်နိုင်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အဝင်/အထွက် ဂိတ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကယားပြည်နယ်အတွင်းသို့ ရှမ်းပြည်နယ် မိုးဗြဲမှတစ်ဆင့် ဝင်ရောက်နိုင်သည့် အဓိကဝင်ပေါက်ဖြစ်သော ဝါရီကောခူ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်နိုင်သည့် ဆောင်ကန်း ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် လွိုင်လင်လေးမြို့အဝင် ထီးစဲခါးပူးပေါင်း စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ မှတ်ပုံတင်ရေးသွင်းသည့် စာအုပ်များ စနစ်ကျမှန်ကန်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝင်/ထွက် သွားလာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်တမ်းထားရှိမှု ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ သွားလာသူများအနေဖြင့် Mask အသုံးမပြုဘဲ ဝင်/ထွက် သွားလာမှုကို ထိရောက်စွာ အသိပညာပေး ဟန့်တားဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့က ကြက်ဉ၊ ရေသန့်ဘူးနှင့် မာမီးခေါက်ဆွဲထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကုန်တင်မော်တော်ယာဉ်ကြီးများ ရပ်နားစခန်း(သစ်ဆိပ်)တွင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းများအား သီးသန့်ထားရှိမည့် အဆောင်အဉီတည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ထွန်းလေး(ပြန်/ဆက်)


