(၁၉-၁၁-၂၀၂၀ ရက်၊ ဆိုးလ်)
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၆) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarers’ Employment Services Federation (MSESF) ၏ စီစဉ်မှုဖြင့် ၁၉-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါလေယာဉ်သည် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၉:၁၀) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၆၄) ဦး၊ ဂျပန်မှ (၂) ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၈) ဦး၊ ထိုင်ဝမ်မှ (၁) ဦး၊ နယ်သာလန်မှ (၆) ဦး၊ အင်ဒိုနီးရှားမှ (၈) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၂) ဦး၊ ဗြိတိန်မှ (၆) ဦး၊ စင်ကာပူမှ (၆) ဦး၊ ဂျာမနီမှ (၆) ဦး၊ တူရကီမှ (၁၇) ဦး၊ ဖိလစ်ပိုင်မှ (၃) ဦး၊ ပြင်သစ်မှ (၇) ဦး၊ စုစုပေါင်း (၁၃၆) ဦးတို့ စီးနင်းလိုက်ပါသွားကြောင်း သိရပါသည်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Crd - Ministry of Foreign Affairs Myanmar


