မန္တလေး ၁၉ နိုဝင်ဘာ
ဒေသအသီးသီးတွင် အဖိုးတန်သမိုင်းအမွေအနှစ် နံရံဆေးရေးပန်းချီများ ရှိသည်။ မျိုးဆက်သစ်လူငယ်များမှာ ထိုနံရံဆေးရေးပန်းချီများကို သမိုင်းအသိ သမိုင်းအမြင် သိရှိစေရန် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အစဉ်ထိန်းသိမ်းရမည် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးရှိ ဘုရားပုထိုးများတွင် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်သည်။ ရတနာပုံခေတ်နှောင်းကာလ သီပေါမင်းပါတော်မူပြီး ၃ နှစ်မှ ၇ နှစ်အတွင်း ရေးဆွဲခဲ့သည့် နံရံဆေးရေးပန်းချီများကို မဟာမုနိဘုရားကြီးတွင် ယနေ့တိုင် လေ့လာနိုင်သည်။
သီပေါမင်းပါတော်မူပြီး ၃ နှစ်နှင့် ၇ နှစ်အတွင်းတွင် မဟာမုနိစောင်းတန်းလေးခုကို ဆောက်လုပ်ခဲ့သည်။ မဟာရံတံတိုင်းသုံးထပ်၌ အုတ်ဖြင့်ဆောက်သော မုခ်ပြာသာဒ် ၁၂ ခုရှိသည်။ မုခ်များအတွင်း နံရံနှင့် မျက်နှာကြက်များတွင် နံရံဆေးရေးပန်းချီနှင့် အင်္ဂတေပန်းများရှိသည်။ ထိုနံရံဆေးရေးပန်းချီများကို သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် မန္တလေးမြို့မှ ပန်းချီဆရာ ဦးကြီးရေးဆွဲခဲ့သည်။ ပန်းချီတော် ခေါင်းဦးကျော်ညွှန့်၏ လက်အောက်တော်သုံး ပန်းချီဆရာ တစ်ဦးဖြစ်ပြီး ညောင်ပင်ဈေးဦးမောင်ကြီးအမည်ဖြင့် ထင်ရှားသည်။ ထိုနံရံများတွင် ရေးဆွဲထားသော နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓဝင်ခန်း၊ ရာဇဝင်ခန်း၊ ဂြိုလ်ခွင်များ၊ နက္ခတ်များ၊ ရဟန်းတော်များနှင့် ဘွဲ့တော်များ၊ ထိုခေတ်က ခရီးသွားဟန်အချို့နှင့်အတူ လူတန်းစားအသီးသီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုများကို ခေတ်အလိုက် မှတ်တမ်းတင် ရေးဆွဲထားသည်။ လက်ရှိကာလတွင် အနောက်ဘက်နှင့် တောင်ဘက်ရှိ နံရံဆေးရေးပန်းချီများကို ယနေ့တိုင် လေ့လာနိုင်သည်။ အလွယ်တကူ လေ့လာနိုင်အောင် နံရံဆေးရေးပန်းချီများရှိသည့် နေရာတွင် သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားသည်။
နံရံဆေးရေးပန်းချီများသည် ခေတ်ကာလနေထိုင်မှု ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့်တစ်ကွ အနုပညာ လက်ရာအဆင့်အတန်းနှင့် အခြားအရာများစွာကို လေ့လာသိရှိနိုင်သည့် အဖိုးမဖြတ်နိုင်သော အမွေအနှစ်များပင် ဖြစ်သည်။ နံရံဆေးရေးပန်းချီများနှင့် ပတ်သက်၍ ရှေးခေတ်လူသားများက ကျောက်တုံးမျက်နှာပြင်များ ကျောက်ဂူအမိုးများပေါ်တွင် ချွန်ထက်သော ကျောက်လက်နက်များဖြင့် ရေးဆွဲခဲ့သည်ဟု ဆိုသည်။ ကျောက်ခေတ်လူသားများ၏ နံရံဆေးရေးပန်းချီများတွင် ထိုခေတ်အခါက သတ်ဖြတ်စားသောက်ခဲ့သော သားကောင်တို့၏ ပုံသဏ္ဌာန်များကို အများစုရေးဆွဲခဲ့ကြသည်။ တစ်ဆင့်တစ်ဆင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်လာခြင်းနှင့်အတူ နံရံဆေးရေးပန်းချီများကို ဆေးခြယ်လာတတ်သည်။ ရှေးခေတ်လူသားတို့၏ ဆေးရောင်များမှာ သဘာဝကပေးသော သစ်ပင်မှ သစ်ရွက်မြေကြီးတို့ဖြင့် ခြယ်သခဲ့ရာမှ နောက်ပိုင်းတွင် ယဉ်ကျေးမှုအဆင့်အတန်း မြင့်လာခြင်းနှင့်အတူ ပန်းချီလက်ရာများ ကောင်းမွန်လာကြောင်း လေ့လာသိရှိရသည်။
တိမ်တမန်(မြစ်ငယ်)


