နေပြည်တော် ၁၉ နိုဝင်ဘာ

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုကိစ္စနှင့် ပတ်သက်၍ ကချင်ဒေသ တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) အဖွဲ့နှင့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရန်ရှိကြောင်း၊ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်နေမှုများ၏ တိုးတက်မှုများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအပေါ် ဆွေးနွေးပေးကြရန် ပြောကြားသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများနှင့် နေရပ်ပြန်ရေး ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက KHCC နှင့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရမည့်အချက်များအား အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် မေလ ၈ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်