မန္တလေး ၁၉ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၌ ရွေးကောက်ပွဲကာလအတွင်း တာဝန်ကျခဲ့သည့် ရဲတပ်ဖွဲ့ဝင်ငါးဦးတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင်လည်း တိုင်းကော်မရှင်ရုံးရှိ စာရင်းစစ်အဖွဲ့မှ  ရွေးကောက်ပွဲရလဒ် စစ်ဆေးတွက်ချက်နေသည့် ဝန်ထမ်းတစ်ဦးသည် ဖျားနာပြီး ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်သည့် တိုင်းကော်မရှင်ရုံးမှ ရှစ်ဦးကိုလည်း ပိုးကူးစက်ခဲ့သောကြောင့် ရွေးကောက်ပွဲကာလတွင် တိုင်းရုံး၌ လုံခြုံရေးတာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များကို ထပ်မံစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“လုံခြုံရေး အတူကျတဲ့သူတွေကို stay at home ထားတာရှိသလို၊ ကွာရန်တင်းစင်တာ ပို့ထားတာလည်း ရှိတယ်။ ကူးစက်ပျံ့နှံမှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုအပ်တာတွေ စီမံဆောင်ရွက် လုပ်ပေးထားတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်များသည် အမှတ်(၃)ရဲစခန်းနှင့် အမှတ်(၈)ရဲစခန်းတို့မှဖြစ်ပြီး လက်ရှိတွင် ယင်းရဲစခန်းများအား အကြောင်းကိစ္စမရှိဘဲ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး stay at home အဖြစ် စီမံထားရှိထားကြောင်း သိရသည်။

ဖြိုးအိ