ဆော  ၂၀   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ရှင်မာလဲမြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို အစဉ်အလာမပျက်  နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကျင်းပတော့မည်မဟုတ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ရှင်မာလဲမြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ကနေ လပြည့်ကျော် ၁ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပတာပါ၊ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက ပွဲတော်မပြုလုပ်ဖို့အတွက် ညွှန်ကြားထားသလို သြဝါဒဆရာတော်ကြီးတွေကလည်း ရောဂါပြန့်ပွားမှု မရှိစေဖို့အတွက် မိန့်ကြားထားတာကြောင့် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကို မကျင်းပဖြစ်တော့တာပါဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဆောမြို့နယ်၌ နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ စတင်ကျင်းပသည့် ရှင်မာလဲမြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ဆွမ်းတစ်ထောင် ကပ်လှူပူဇော်ခြင်း၊ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲများနှင့် ဇာတ်ပွဲ၊ပျော်ပွဲရွှင်ပွဲတို့ကို နှစ်စဉ်ကျင်းပရာ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များ လာရောက်ကြ၍ စည်ကားသိုက်မြိုက်စွာနှင့် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် မဟုတ်ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)