ကန်ကြီးထောင့် ၂၀ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၃၄) ကြိမ်မြောက် မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၁၁ နာရီက ဧရာသီရိသုခခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ယခုကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသော ကာလဖြစ်သည့်အတွက် စုပေါင်းမဟာဘုံကထိန်ကို ယခင်နှစ်များလို ပဒေသာပင်များဖြင့် မြို့တွင်း စီတန်းလှည့်လည်ခြင်းများ မပြုလုပ်တော့ဘဲ အကျဉ်းချုံးသာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ကျင်းပရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်း အကြံပြုဆွေးနွေး ပေးကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းသွားမည့် အစီအစဉ်များနှင့်ပက်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)


