ကောလင်း   ၂၀   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်းရှိ လက်ပံကွေ့၊ ခွင်တောင်း၊ ယောမြေနီ ၊ ကျွန်းလှခုံ၊ အောက်ဇီးဖြူပင်ကျေးရွာများနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ စိန်လည် ၊ရှမ်းစု၊သရက်အိုက်၊အောင်းကုန်း၊သပြေသာကျေးရွာများသည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကိုက်လန်သည် အရင်းအနှီးအနည်ငယ်၊ မြေအကျယ်အဝန်း အနည်းငယ်၊ အချိန်အနည်းဖြင့် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

 

"ကျွန်တော် ကိုက်လန်ကို နှစ်တိုင်း ဝ.၂၀ဧကခန့်စိုက်ပျိူးပါတယ်။ ကုန်ကျစရိတ်က ဝ.၂၀ဧကကို မျိုးဖိုး၊မြေသြဇာ၊ ပိုးသတ်ဆေးဖိုး ရောင်းရသည်အထိ စုစုပေါင်း ကုန်ကျစရိတ် ၂ သောင်းခွဲခန့်တာ ကုန်ကျပါတယ်။ ယခင်နှစ်ကဆို ဒီအချိန်ဆို ကိုက်လန်စိုက်ပျိုးသူတိုင် လိုင်လိုင်ပေါ်သဖြင့် ၁၀ စည်း ထုပ်တစ်စည်းကို ၅၀ဝ ခန့်သာ ဈေးရရှိပါတယ်။ ဒီနှစ်ကြတော့ တန်ဆောင်မုန်းလအထိ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် စိုက်ခင်းထဲသို့ ပြောင်းရွှေ့မစိုက်မီ ကိုက်လန်ပျိုးပင်များ ပျိုးဘောင်တွင် အသက်ကြီးသွား၍ စိုက်တဲ့သူနည်းသဖြင့် ၁၀ စည်းထုပ်တစ်စည်းကို ၁၀ဝ၀ ကျပ်ရောင်းရသဖြင့် တစ်ရက်ခြားပုံမှန် အစည်း ၃၀ဝ မှ ၄၀ဝ အထိရရှိသည့်အတွက် နေ့စဉ်ဝင်ငွေ ၁၅၀ဝ၀အထိရရှိနေပြီး ယခင်နှစ်ကထက် ဈေးတစ်ဆပိုပြီးရသဖြင့် ဝ.၂၀ ဧကစိုက်ကို ၄ သိန်းခန့် ရရှိမယ်လို့ ခန့်မှန်းထားကြောင်း၊ ဒီနှစ်က ကိုက်လန်စိုက်ပျိုးသူများမှာ ကုန်ကျစရိတ်အနည်းငယ်ဖြင့် အမြတ်များများ ရရှိသည့်အတွက် အဆင်ပြေပါတယ်"ဟု ကိုက်လန်စိုက်ပျိုးသူ အုပ်ဖိုကျေးရွာမှ ဦးစိန်မင်းက ပြောပြသည်။

 

"ကျွန်မကတော့ သီးနှံမျိုးစုံကို တစ်ဆင့်ပြန်ဝယ်၍ရောင်းတာပါ။ ယခင်နှစ်က ဒီအချိန်ဆို ကောလင်းညဈေးတန်းမှာ ကိုက်လန်ကိုဝါနေအောင် ပေါတယ်။ဒီနှစ်ကျတော့ စိုက်ခင်းထဲအထိ သွားဝယ်တာကို မရပါဘူး။သူ့ဖောက်သည်နှင့်သူ ရှိပြီးသားဆိုတော့ မျှခိုင်းလို့လည်းမရပါဘူး အမြဲပို့နေကျ သူကိုပဲလက်လွှတ်မခံဘဲ ယူနေရတာပါ။ ရရှိတဲ့ ကိုက်လန်များကို အောက်ပိုင်းဆို မန္တလေး၊ ရွှေဘို၊ ကန့်ဘလူ၊ ချပ်သင်းစသည့် မြို့များနှင့်အထက်ပိုင်း မိုးညင်း၊ မိုးကောင်း၊ ဟိုပင်၊အင်းတော စသည့်မြို့များသို့ မီးရထား၊ ကားများဖြင့် လူမလိုက်ဘဲ တင်ပို့ပေးရပါတယ်"ဟု တဆင့်ပြန်လည် ရောင်းချသူ မကြိုင်က ပြောပြသည်။

 

အဆိုပါ ကျေးရွာများတွင် ကိုက်လန်ကို တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြပြီး၊တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများကြောင်း၊သီးနှံတစ်မျိုး ဈေးမကောင်းပါက အခြားဈေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ်ပြန်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

 

 မြင့်ထွန်းမင်း(ကောလင်း)