ရန်ကုန် ၂၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre များအတွက် လိုအပ်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများနှင့် အလှူငွေများအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facilities Quarantine Centre အုပ်ချုပ်မှုရုံးခန်း၌ ကျင်းပရာ Chatrium Hotel Royal Lake Yangon မှ အထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများက ငွေကျပ် ကျပ်ဆယ်သိန်းတိတိကိုလည်းကောင်း၊ AWESOME 5, Family and Friends မှ တာဝန်ရှိသူများက ငွေကျပ် ကျပ်သုံးသိန်းတိတိကိုလည်းကောင်း၊ Nine COVID Team မှ တာဝန်ရှိသူများက Surgical Mask အဘူး(၅၀)၊Face Shield အခု(၅၀)၊ KN95 Mask အမျိုးအစား အခု(၁၅၀)၊ Alcohol Solution (၁၀)ဘူး၊ ကြက်ဥအလုံး (၆၀၀)၊ ငါးသေတ္တာဘူး(၁၀၀)တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများအား တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre များ၌ လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


