နေပြည်တော် ၂၀ နိုဝင်ဘာ
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ အသံလမ်းညွှန်စက် (Audio Guide) အလုံး(၁၀၀) ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ကိုရီးယားသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် အသံလမ်းညွှန်စက် (Audio Guide) ကိရိယာ အသုံးပြုပုံများကို ကိုရီးယား-မြန်မာ (၂)ဘာသာဖြင့် ရှင်းလင်းသရုပ်ပြပြီး ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) ညွှန်ကြားရေးမှူးထံ (Audio Guide) များကို ပေးအပ်သည်။
ထို့နောက် ကိုရီးယားသံအမတ်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အမျိုးသားပြတိုက်(ရန်ကုန်) အတွင်းရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင် ပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


